ဂန့်ဂေါတွင် မိုးအဆက်မပြတ် ရွာသွန်း၍ မြစ်သာမြစ်ရေမြင့်တက်

ဂန့်ဂေါ အောက်တိုဘာ ၂၀

ဂန့်ဂေါမြို့နယ်တွင် ယခုသီတင်းပတ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းသည့်အတွက် ဒေသအတွင်း စီးဆင်းသည့် ချောင်းများ၊ တောင်ကျချောင်းများ ရေမြင့်တက်လျက်ရှိသည့်အပြင် ဂန့်ဂေါမြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းသည့် မြစ်သာမြစ်ရေမှာလည်း မြင့်တက်လျက်ရှိသည်။

ထိုသို့ မြစ်ချောင်းရေများ မြင့်တက်လျက်ရှိရာ အောက်တိုဘာ ၁၈ ရက်နံနက်ပိုင်းတွင် ဂန့်ဂေါမြို့ နှင့် အနောက်ဂန့်ဂေါသို့ ဆက်သွယ်ထားသည့် မြစ်သာမြစ်ကူးတံတားကြမ်းပြင်သို့ ထိသည်အထိ မြစ်သာမြစ်ရေ မြင့်တက်လျက်ရှိကြောင်း သိရသည်။ 

ထို့ပြင် ဂန့်ဂေါမြို့နှင့် စိုင်ဒူးကျေးရွာကြား ဖြတ်သန်းစီးဆင်းသည့် မဖေးချောင်းရေမြင့်တက် သဖြင့် လတ်တလောတွင် လမ်းပန်းဆက်သွယ်မှု ပြတ်တောက်လျက်ရှိပြီး မော်တော်ယာဉ်ငယ်များ ဖြတ်သန်းသွားလာနိုင်ရန် သက်ဆိုင်ရာမှ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဂန့်ဂေါမြို့နယ်တွင် မြစ်သာရေလှောင်တမံစီမံကိန်းကို တည်ဆောက်လျက်ရှိရာ အဆိုပါ စီမံကိန်းမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးလျက်ရှိပြီး ၂၀၁၅ ခုနှစ်မှ ရေကြီးမြင့်တက်ခြင်းမရှိခဲ့ရာ ယခုနှစ် မြစ်သာမြစ်ရေမြင့်တက်ခြင်းမှာ အများဆုံးဖြစ်ကြောင်းနှင့် မြစ်သာတမံအခြေအနေမှာ ယခင်နှစ်များကဲ့သို့ပင် ရေကျော်မှု ၂ ပေခွဲသာရှိပြီး မြစ်သာမြစ်၏ မြစ်လက်တက်များဖြစ်သည့် မောချောင်း၊ စက်နှီးချောင်း၊ လောင်ထောင်ချောင်းတို့ ရေမြင့်တက်လာမှုများကြောင့် မြစ်သာမြစ်အောက်ပိုင်း၌ ရေမြင့်တက်ခြင်းဖြစ်ကြောင်း သိရသည်။

ထင်အောင်နိုင်(ဂန့်ဂေါ)