ဂန့်ဂေါတွင် တရားမဝင် ဝင်ရောက်လာသူ လေးဦး စစ်ဆေးတွေ့ရှိ

ဂန့်ဂေါ ၆ သြဂုတ်
    

ဂန့်ဂေါမြို့ မြို့မရဲတပ်ဖွဲ့စခန်းမှ ဒုရဲအုပ် အောင်ဟိန်းကိုကိုဦးနှင့် အဖွဲ့သည် ဂန့်ဂေါမြို့၏ မြောက်ဘက် ဂန့်ဂေါ- ကလေး၊ ဟားခါး၊ ပုလဲ ၊ ဂန့်ဂေါ- ထီးလင်း လမ်းဆုံ၌ ပိတ်ဆို့ရှာဖွေ စစ်ဆေးမှုများ ဆောင်ရွက်စဉ် ယနေ့နံနက်ပိုင်းက ယာဉ်တစ်စီးပေါ်တွင် အထောက်အထားမဲ့ ဝင်ရောက်လာသူ လေးဦးအား စစ်ဆေး တွေ့ရှိခဲ့သည်။ 
    

ဖြစ်စဉ်မှာ ကလေးမြို့မှ ဂန့်ဂေါ- ပုလဲသို့ မောင်းနှင်လာသော ယာဉ်အမှတ် GG/---- NISSAN AD အဖြူရောင်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်မောင်း ဦးတေကနတ် ဝိုင်းမော်မြို့နေသူသည် ယာဉ် ပေါ်တွင် မိုဟာမတ်ရာဟာရ (ခ) ဂျာရခန် (၁၉)နှစ်၊ မိုဟာမတ်ရီယက် (၁၉) နှစ် ၊ အာမိုဟာဆန် (၁၉) နှစ်နှင့် နိုရိုဟာကီး (၁၉)နှစ် တို့အား အထောက်အထားမဲ့ တင်ဆောင်လာကြောင်း စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ 
    

အဆိုပါ လူလေးဦးသည် လွန်ခဲ့သော ၂ နှစ်ခန့်က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှတစ်ဆင့် အိန္ဒိယနိုင်ငံ ဒေလီမြို့သို့ ကျဘမ်းအလုပ်သွားရောက်လုပ်ကိုင်ခဲ့ပြီး လွန်ခဲ့သည့် တစ်လခန့်က စစ်ကိုင်းတိုင်း ဒေသကြီး တမူးမြို့သို့ ရောက်ရှိနေထိုင်ခဲ့ကြောင်းနှင့် ထိုမှတစ်ဆင့် မန္တလေးမြို့သို့ တစ်ဦးလျှင် တစ်သိန်း နှစ်သောင်းကျပ်ဖြင့် ယာဉ်မောင်း ဦးတေကနတ် မောင်းနှင်သောယာဉ်ဖြင့် သြဂုတ် ၅ ရက် ည ၁၁ နာရီအချိန်ခန့်၌ တမူးမြို့မှ စတင်ထွက်ခွာလာခဲ့ကြောင်း သိရသည်။ 
    

ထိုသို့ အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသူ လေးဦးအား လုပ်ထုံးလုပ်နည်းများနှင့် အညီ အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


စိန်ကျော်