ဂျင်းနုစိုက်ပျိုးရေးဆိုင်ရာ သိကောင်းစရာများအကြောင်း အသိပညာမျှဝေခြင်း အခမ်းအနားကျင်းပ

နေပြည်တော် စက်တင်ဘာ ၂၅

 

ဂျင်းနုစိုက်ပျိုးရေးဆိုင်ရာ သိကောင်းစရာများအကြောင်း အသိပညာမျှဝေခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်း၌ စက်မှုဝန်ကြီးဌာနမှ Virtual  စနစ်ဖြင့် ကျင်းပသည်။

 

အခမ်းအနားသို့ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ ဒုတိယဝန်ကြီး ဦးကိုကိုလွင်၊ စက်မှုကြီးကြပ် ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့မှ ကျွမ်းကျင်ပညာရှင်များ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များရှမ်းပြည်နယ်မှ ဂျင်းနုစိုက်ပျိုးတောင်သူများနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် သတ်မှတ်နေရာ အသီးသီးမှ ပါဝင်တက်ရောက်သည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း က ဂျင်းအခြေခံ ဆေးဝါးစားကုန်အဖြစ် အရည်အသွေးမီစွာ တန်ဖိုးမြှင့်ထုတ်လုပ်နိုင်ပါက ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်သို့ပါ ထိုးဖောက်အောင်မြင်နိုင် မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးပညာရှင်၊ ဈေးကွက်ရရှိရေးပညာရှင်နှင့် အရည်အသွေးမြင့်ထုတ်ကုန် ထုတ်လုပ်ရေးပညာရှင်များ၏ ဆွေးနွေးမှုများကို တောင်သူများအနေဖြင့် မိမိတို့ရဲ့လုပ်ငန်းခွင်တွင် လက်တွေ့ပြန်လည်အသုံးချခြင်းဖြင့် မြန်မာနိုင်ငံ၌ ဂျင်းနုစိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်မည်ဟု ယုံကြည်ကြောင်း၊ ဂျင်းနု(သို့မဟုတ်) Export ဂျင်း စိုက်ပျိုးထုတ်လုပ်ခြင်းကို အားပေးကူညီခြင်းဖြင့် ပြည်တွင်း MSME လုပ်ငန်းများ ဝင်ငွေပိုမိုရရှိလာနိုင်မည်ဖြစ်ပြီး လူမှုဘဝတိုးတက် မြင့်မားလာမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်များဖြစ်သည့် စိုက်ပျိုးရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေးနှင့် ပြည်တွင်း စီးပွားရေးလုပ်ငန်းများကို အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ရေးတို့ကို အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်သည့်အပြင် တောင်သူတစ်ဦးချင်းစီ၏ လူမှုစီးပွားဘဝများလည်း မြင့်မားလာမည်ဖြစ်ကြောင်း၊ တက်ရောက်လာသည့် တောင်သူများအနေဖြင့် ပညာရှင်များ၏ ဆွေးနွေးမှုများအပေါ် ပွင့်ပွင့်လင်းလင်း အပြန်အလှန်ဆွေးနွေး ပေးပါရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးညီညီအောင်က ဂျင်းစိုက်ပျိုးရေးဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ မြန်မာနိုင်ငံ စားသောက်ကုန်ထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ အထွေထွေအတွင်းရေးမှူးက ဂျင်းနု (သို့မဟုတ်) Export ဂျင်း စိုက်ပျိုး ထုတ်လုပ်မှု၊ ရောင်းချမှု၊ ဈေးကွက်ရရှိမှုဆိုင်ရာ သိကောင်းစရာများနှင့် ပတ်သက်၍လည်းကောင်း၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ဒေါက်တာသဇင်ဟန်က ဂျင်းထုတ်လုပ်မှု ဆိုင်ရာ တန်ဖိုးမြှင့်ထုတ်ကုန်များ (Value Added Products) အကြောင်းနှင့် ထုတ်ကုန်အဆင့်ဆင့် ဆိုင်ရာ နည်းစနစ်များကိုလည်းကောင်း အသီးသီးဆွေးနွေးကြပြီး တက်ရောက်လာသူများက သိရှိလိုသည်များ ကိုမေးမြန်းရာ ဘာသာရပ်ကျွမ်းကျင်ပညာရှင်များမှ ပြန်လည်ဖြေကြားပြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေက MSME လုပ်ငန်းရှင်များ၏ ဆွေးနွေးချက်များအပေါ် ဌာနမှ ပံ့ပိုးကူညီနိုင်မည့် ကိစ္စရပ်များကို ဖြည့်စွက်ဆွေးနွေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)