ဂျပန်-မြန်မာဓာတ်ပုံပြိုင်ပွဲ မြန်မာမှ မာလာဝင်းက GRAND PRIZE ဆုရရှိ

ရန်ကုန်  ၁၁  ဇူလိုင်

 

နိုင်ငံတကာ ဓာတ်ပုံပြိုင်ပွဲများတွင် မြန်မာနိုင်ငံမှ ဓာတ်ပုံဆရာများ ဆုကြီးများနှင့် အခြားဆုများ ဆက်တိုက်ရရှိနေကြသည်။ ယခုထပ်မံ၍ ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျင်းပသည့် ဂျပန်-မြန်မာ ချစ်ကြည်ရေး ဓာတ်ပုံပြိုင်ပွဲ၌ ရန်ကုန်မြို့မှ အမျိုးသမီး ဓာတ်ပုံဆရာမ မာလာဝင်းက Grand Prize ဆုကြီး ထပ်မံရရှိခဲ့သည်။ မာလာဝင်း ဆုရရှိသော ဓာတ်ပုံမှာ သီလရှင်လေးများ ပြုံးပျော်နေသောပုံဖြစ်ပြီး ပေးထားသောခေါင်းစဉ်မှာ ပျော်ရွှင်ချိန် (Happy Times for us) ဖြစ်သည်။ အဆိုပါပြိုင်ပွဲကို မြန်မာနိုင်ငံမှ ဓာတ်ပုံဆရာများ ဝင်ရောက်ယှဉ်ပြိုင်ကြရာ သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ဆုများလည်း ရရှိကြသည်။

 

ဂျပန်-မြန်မာ ချစ်ကြည်ရေး ဓာတ်ပုံပြိုင်ပွဲကို ဂျပန်ဝန်ကြီးချုပ်၏ဇနီး ကိုယ်တိုင်ကြီးမှူး၍ တိုကျိုရှိ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ ဂျပန်မြန်မာ ယဉ်ကျေးမှုအသင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဂျပန်ရောက်မြန်မာများက ပူးပေါင်းပါဝင် ကျင်းပသည့် ပြိုင်ပွဲဖြစ်သည်။

 

ယခုနှစ်ကျင်းပသည့် ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ Grand Prize ဆုနှင့် အထူးဆု ၁၄ ဆုနှင့် အခြားဆုများရရှိရာ Grand Prize ဆုအတွက် ဂျပန်ယန်းငွေ တစ်သိန်းနှင့် အခြားဆုများအတွက် ဂျပန်နိုင်ငံမှ လက်ဆောင်ပစ္စည်းများ ချီးမြှင့် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်ကျော်ထွန်း (ပုသိမ်ကြီး)