ဂျပန်လက်ရွေးစင်အသင်း ရန်ကုန်မြို့၌ စတင်လေ့ကျင့်

ရန်ကုန် ၇ စက်တင်ဘာ

ဂျပန်လက်ရွေးစင်အသင်းသည် မြန်မာအသင်းနှင့် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ ယှဉ်ပြိုင်ရန် ရန်ကုန်မြို့သို့ စက်တင်ဘာ ၆ ရက် ညနေပိုင်းက ရောက်ရှိလာပြီး စက်တင်ဘာ ၇ ရက် ညနေပိုင်းတွင် စတင်လေ့ကျင့်ခဲ့သည်။

ဂျပန်လက်ရွေးစင်အသင်းသည် ကစားသမား ၂၃ ဦး ခေါ်ဆောင်လာပြီး ဥရောပအခြေစိုက် ကစားသမားအများစု ပါဝင်လာကာ အတောင့်တင်းဆုံးလူစာရင်းဖြင့် ယှဉ်ပြိုင်မည်ဖြစ်သည်။ ဂျပန်မက်ဆီဟု နာမည်ကြီးနေသည့် စပိန်လာလီဂါကလပ် ရီးယဲလ်မက်ဒရစ်အသင်းရောက် (ယခုရာသီအစတွင်အငှားချထား) အပါအဝင် ပရီးမီးယားလိဂ်ကလပ် ဆောက်သမ်တန်နောက်ခံလူ အသင်းခေါင်းဆောင် ယိုရှီဒါ၊ နာဂါတိုမို (ဂါလာတာစရေး)၊ ကာဝါရှီမာ (စထရာဘော့)၊ ဆာကီ (မာဆေးလ်)၊ ဟီရာဂူချီ (ဟန်နိုဗာ)၊ ရှီဘာဆကီ (ဒီဗို့တီပို့)၊ အန်ဒို (စတုဂတ်)၊ ကူဘို (ရီးယဲလ်/မာယော့ကာ)၊ အိုဆာကို (ဝါဒါဘရီမင်) တို့ ပါဝင်လာသည်။ ဂျပန်အသင်း၏ မြန်မာနိုင်ငံ၌ ပထမဆုံးပြုလုပ်သည့် လေ့ကျင့်ခန်းအစီအစဉ်တွင် ဂျပန်ပရိသတ်အများအပြား လာရောက်အားပေးခဲ့ပြီး ဂျပန်ကစားသမားများက ပရိသတ်များကို အမှတ်တရ လက်မှတ်ရေးထိုးပေးခြင်းများ ပြုလုပ်ခဲ့သည်။ ဂျပန်လက်ရွေးစင်အသင်းသည် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲ ပထမပွဲအဖြစ် မြန်မာအသင်းနှင့် အဝေးကွင်း ကစားရခြင်းဖြစ်သည်။ စက်တင်ဘာ ၅ ရက်က ကျင်းပသည့်ပွဲများတွင် ခြေစစ်ပွဲ မကစားရသောကြောင့် ဂျပန်အသင်းသည် တောင်အမေရိက အသင်းဖြစ်သော ပါရာဂွေးအသင်းနှင့် ခြေစမ်းကစားခဲ့ရာ နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။

ကမ္ဘာ့ဖလား ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စု (F) တွင် ဂျပန်၊ ကာဂျစ္စတန်၊ တာဂျစ်ကစ္စတန်၊ မြန်မာနှင့် မွန်ဂိုလီးယားအသင်းတို့ ပါဝင်နေပြီး မြန်မာအသင်းသည် ပထမပွဲတွင် မွန်ဂိုလီးယားအသင်းကို အဝေးကွင်း၌ တစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။ မြန်မာအသင်းသည် မွန်ဂိုလီးယားနိုင်ငံမှ စက်တင်ဘာ ၇ ရက် နံနက်အစောပိုင်းတွင် ပြန်လည်ရောက်ရှိခဲ့ပြီး ညနေပိုင်းတွင် စတင်လေ့ကျင့်ခဲ့သည်။ မြန်မာအသင်းနှင့် ဂျပန်အသင်းသည် စက်တင်ဘာ ၁၀ ရက် ညနေ ၆ နာရီ ၅၀ မိနစ်တွင် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်

 

mdn