ဂျပန်နိုင်ငံခြားရေးဝန်ကြီးသည် တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးနှင့် စပိန်နိုင်ငံတွင် တွေ့ဆုံမည်

၁၂ ဒီဇင်ဘာ

 

ဂျပန်နိုင်ငံခြားရေးဝန်ကြီး တိုရှီမစ်ဆူ မိုတီဂီ သည် တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ကန်ကျောင်ဝှါးနှင့် စပိန်နိုင်ငံတွင် တွေ့ဆုံမည်ဖြစ်သည်။ ဂျပန်နိုင်ငံခြားရေး ဝန်ကြီးက စစ်အတွင်း အလုပ်သမား ကိစ္စရပ်နှင့်ပတ်သက်ပြီး ဖြေရှင်းရန် ‌တောင်ကိုရီးယားနိုင်ငံကို မေတ္တာရပ်ခံလိုကြောင်း ဖော်ပြထားသည်။

 

mdn

 

မိုတီဂီသည် ခြောက်ရက်ကြာ ခရီးစဉ်ကို ကြာသပတေးနေ့မှ စတင်ကာ စပိန်နိုင်ငံနှင့် သီရိလင်္ကာနိုင်ငံသို့ သွားရောက်မည် ဖြစ်သည်။

 

မိုတီဂီသည် လာမည့် တနင်္ဂနွေနှင့် တနင်္လာနေ့တွင် မက်ဒရစ်မြို့၌ ကျင်းပမည့် အာရှ-ဥရောပ အစည်းအဝေး၌ နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲသို့ တက်ရောက်မည် ဖြစ်သည်။

 

မိုတီဂီ နှင့် ကန် တို့ နှစ်ဦးတည်း တွေ့ဆုံရန်  စီစဉ်နေကြောင်း ဖော်ပြထားသည်။

 

ယင်းသို့ တွေ့ဆုံရာတွင် မိုတီဂီ က တောင်ကိုရီးယားနိုင်ငံကို စစ်အတွင်း အလုပ်သမား ကိစ္စရပ်နှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ဥပဒေ ချိုးဖောက်မှုကို ဖြေရှင်းရန်နှင့် ဂျပန်တို့လက်ခံနိုင်ဖွယ်ရှိသော အဖြေတစ်ခု ပေးရန်တို့ကို မေတ္တာရပ်ခံရန် စီစဉ်ထားသည်။

 

ကုန်သွယ်ရေး နှင့် စစ်အတွင်းအလုပ်သမား ကိစ္စရပ် တို့နှင့်ပတ်သက်ပြီး ဂျပန် နှင့် တောင်ကိုရီးယား နိုင်ငံတို့အကြား ဆက်ဆံရေး တင်းမာနေခဲ့သည်။

 

ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်ကုမ္ပဏီများတွင် အလုပ်လုပ်ရန် အကျပ်ကိုင်ခိုင်းခံရသည့် တောင်ကိုရီးယားနိုင်ငံသားများကို လျော်ကြေးပေးရန် ဂျပန်ကုမ္ပဏီများကို တောင်ကိုရီးယား တရားရုံးချုပ်က ယမန်နှစ်က အမိန့်ချမှတ်ခဲ့သည်။

 

တရုတ်နိုင်ငံ ပါဝင်သည့် သုံးပွင့်ဆိုင် ထိပ်သီးဆွေးနွေးပွဲ ပြင်ပတွင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး နှင့် တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်း တို့အကြား တွေ့ဆုံဆွေးနွေးပွဲကျင်းပရန်လည်း စီစဉ်ထားသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို