ဂျပန်နိုင်ငံ၌ ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားရန် မြန်မာ ယူ-၁၈ အသင်း အပြီးသတ်လူရွေးချယ်

၁၄ ဇူလိုင်

 

မြန်မာ ယူ-၁၈ အသင်းသည် ၂၀၁၉ အာဆီယံ ယူ-၁၈ ပြိုင်ပွဲအကြို ဂျပန်နိုင်ငံ၌ လေ့ကျင့်မှုပြုလုပ်ရန် ကစားသမား ၂၅ ဦး အပြီးသတ်ရွေးချယ်လိုက်ပြီဖြစ်သည်။

 

မြန်မာ ယူ-၁၈ အသင်းသည် အာဆီယံပြိုင်ပွဲအတွက် ရွေးချယ်လေ့ကျင့်ပေးလျက်ရှိသည့် ပဏာမ ကစားသမား ၂၈ ဦးအနက် သုံးဦးလျှော့ချခဲ့ခြင်းဖြစ်ပြီး ဇူလိုင် ၁၅ ရက် ညပိုင်းတွင် ထွက်ခွာမည်ဖြစ်သည်။ 

 

မြန်မာ ယူ-၁၈ အသင်းတွင် အုပ်ချုပ်သူ-ဦးရဲဝင်းအောင်၊ နည်းပြချုပ်-ဦးစိုးမြတ်မင်း၊ လက်ထောက်နည်းပြ-ဦးမင်းမင်းထွန်း၊ ဂိုးနည်းပြ-ဦးစိန်အေး၊ ကစားသမားများအဖြစ် ဂိုး-ပြည့်ဖြိုးသူ၊ နေလင်းထက်၊ စောထက်၊ နောက်တန်း-ကောင်းခန့်ကျော် (၁)၊ ရဲထက်အောင်၊ စည်သူမိုးခန့်၊ ရှင်းသန့်အောင်၊ သက်ဟိန်း စိုး၊ မျိုးကိုကိုလင်း၊ စောထောနေမူး၊ ညဏ်လင်းထက်၊ ဝေယံစိုး၊ အလယ်တန်း-ရန်ကျော်စိုး၊ နောင်နောင်စိုး၊ ဇော်ဝင်းသိန်း၊ ရဲမင်းကျော်၊ လမင်းထွေး၊ သြဘာခ၊ မိုးဆွေ၊ ပြည့်ဖြိုးအောင်၊ ခွန်ကျော် ဇင်ဟိန်း၊ အောင်ကိုဦး၊ ရှေ့တန်း-စောကျော်အဲ၊  ညီညီ၊ ကောင်းဇင်မိုးတို့ ပါဝင်ကြသည်။ 

 

မြန်မာ ယူ-၁၈ အသင်းသည် ချန်လှပ်ခဲ့သည့် ကစားသမားသုံးဦးကို ဂျပန်ခရီးစဉ်အတွက်သာ လျှော့ချခဲ့ခြင်းဖြစ်ပြီး ပြန်လည်ရောက်ရှိလာပါက ပြန်လည်ပူးပေါင်းမည်ဖြစ်သည်။ မြန်မာ ယူ-၁၈ အသင်းသည် ဇူလိုင် ၁၆ ရက်မှ ၂၄ ရက်အထိ ဂျပန်နိုင်ငံ အိုဆာကာမြို့၌ လေ့ကျင့်မည်ဖြစ်ပြီး ခြေစမ်းပွဲသုံးပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ 

 

မြန်မာ ယူ-၁၈ အသင်းသည် ခြေစမ်းပွဲအဖြစ်  ဇူလိုင် ၁၈ ရက်တွင် ဆီရီဇိုအိုဆာကာ ယူ-၁၈ အသင်း၊ ဇူလိုင် ၂၁ ရက်တွင် အိုဆာကာဆန်ဂျိုတက္ကသိုလ်အသင်း၊ ဇူလိုင် ၂၄ ရက်တွင် ဟာနန်တက္ကသိုလ်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

မြန်မာ ယူ-၁၈ အသင်းသည် သြဂုတ်တွင် ယှဉ်ပြိင်ရမည့် ၂၀၁၉ အာဆီယံ ယူ-၁၈ ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် သွားရောက်ခြင်းဖြစ်ပြီး ဧပြီနောက်ပိုင်း နိုင်ငံတကာပွဲ ပြန်လည်ကစားခြင်းဖြစ်သည်။ 

 

သတင်း-ညီမြတ်သော်တာ

 

ဓာတ်ပုံ-ဖိုးသော်ဇင်