ဂျပန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တတိယအကြိမ် အပိုထပ်ဆောင်းထိုးနှံပေးမည့်အစီအစဉ် ဆွေးနွေး

တိုကျို အောက်တိုဘာ ၃၀

ဂျပန်ကျန်းမာရေး အာဏာပိုင်များက ဒီဇင်ဘာလမှစပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအကြိမ် အပိုဆောင်း ထိုးနှံပေးရန်ကိစ္စနှင့် ပတ်သက်ပြီး ဆွေးနွေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ အစီအစဉ်တွင် ကျန်းမာရေးဝန်ထမ်းများအား ကာကွယ်ဆေးဦးစားပေး ထိုးနှံပေးသွားမည်ဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက အဆိုပါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံမှုနှင့် ပတ်သက်ပြီး ယမန်နေ့တွင် အစည်းအဝေး တစ်ရပ်ကျင်းပခဲ့သည်။

ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံမှု ခံယူပြီးနောက် ငါးလအကြာတွင်ကာကွယ်ဆေး တတိယအကြိမ် အပိုထပ်ဆောင်းထိုးနှံခွင့်ရှိကြောင်း ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက အမေရိကန်နိုင်ငံ၏ လေ့လာတွေ့ရှိချက် များကို ကိုးကားပြီး ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။

အမေရိကန်နိုင်ငံ၌ အသက် ၁၈ နှစ် နှင့်အထက် နာတာရှည်ရောဂါ ခံစားနေရသူများနှင့် သက်ကြီးရွယ်အိုများအား ကာကွယ်ဆေး တတိယအကြိမ် အပို ထပ်ဆောင်း ထိုးနှံပေးလျက်ရှိသည်။

အစ္စရေးနိုင်ငံ၌ ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံမှုခံယူပြီးသည့် အသက် ၁၂ နှစ်နှင့်အထက် ပြည်သူများအား ကာကွယ် ဆေးတတိယအကြိမ် ထိုးနှံပေးလျက် ရှိသည်။ ဂျပန်ဆေးဘက်ကျွမ်းကျင်ပညာရှင်များက နိုင်ငံအတွင်းရှိ သက်ကြီးရွယ်အိုများနှင့် နာတာရှည်ရောဂါ ခံစားနေရသူများအား ကာကွယ်ဆေး တတိယအကြိမ် အပိုထပ်ဆောင်း ထိုးနှံပေးရန် ကျန်းမာရေးဝန်ကြီးဌာနအား တိုက်တွန်းသည်။

ကာကွယ်ဆေး တတိယအကြိမ် အပိုထပ်ဆောင်းထိုးနှံပေးရေးနှင့် ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနက နိုဝင်ဘာလအတွင်း ဆုံးဖြတ်ချက်ချမှတ်မည် ဖြစ်သည်။

ကိုးကား - အင်န်အိတ်ချ်ကေ ဘာသာပြန် - အောင်ကျော်ကျော်