ဂျပန်နိုင်ငံ၌ ဖေ့စ်ဘွတ်၏ မိခင်ကုမ္ပဏီဖြစ်သည့် မီတာအား  ငွေကြေးလိမ်လည်ခံရသူများက   တရားစွဲဆို

တိုကျို ဧပြီ ၂၅

ဖေ့စ်ဘွတ်၏ မိခင်ကုမ္ပဏီဖြစ်သည့် မီတာသည်၎င်း၏အင်တာနက် စာမျက်နှာများပေါ်တွင် ကြော်ငြာ ထည့်သွင်းသည့် လုပ်ငန်းများကို လုပ်ငန်းအမှန်တကယ်လုပ်ကိုင်နေကြောင်း စစ်ဆေးရန်ပျက်ကွက်ခဲ့သဖြင့်  ယင်းလုပ်ငန်းများ၏ ငွေကြေးလိမ်လည်ခံရသူများက မီတာအား တရားစွဲဆိုသည့် မှုခင်းတစ်ရပ် ဂျပန်နိုင်ငံ၌   ဖြစ်ပွားခဲ့ကြောင်း ယနေ့အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်အရ သိရသည်။

မီတာကုမ္ပဏီ ဂျပန်ရုံးခွဲအား ယခုဖြစ်စဉ်တွင်  ငွေကြေးလိမ်လည်ခံရသူများက တရားစွဲဆိုခြင်း ဖြစ်သည်။ ယင်းဖြစ်စဉ်တွင် ငွေကြေးလိမ်လည်ခံရသူလေးဦးက  ယနေ့တွင် ကိုဘေးခရိုင်တရားရုံးတွင် တရားစွဲဆိုခဲ့သည်။   စွန့်ဦးတီထွင်သူ Maezawa Yusaku နှင့် အခြား နာမည်ကျော်ကြားသူများ ပါဝင်ရင်းနှီးမြှုပ်နှံသည်ဟု လိမ်လည် ကြော်ငြာထားသည့် အွန်လိုင်းကြော်ငြာအတုများမှ တစ်ဆင့်၎င်းတို့အား ငွေကြေးရင်းနှီးမြှုပ်နှံရန်  ဖြားယောင်းခံရပြီးနောက် ယခုကဲ့သို့ ငွေအလိမ်ခံရခြင်းဖြစ်သည်ဟု သိရသည်။ မီတာကုမ္ပဏီသည် လူမှုမီဒီယာ အသုံးပြုသူများအပေါ် မမျှော်လင့်ထားသော ပျက်စီးဆုံးရှုံးမှုများမဖြစ်ပွားစေရေးအတွက် ၎င်းကြော်ငြာများ၏ စစ်မှန်မှုကို စစ်ဆေးရန် တာဝန်ရှိသည်ဟု တရားလိုများက ပြောကြားသည်။

ယခုဖြစ်စဉ်တွင် မီတာနည်းပညာကုမ္ပဏီ၏ ပေါ့လျော့မှုကြောင့် မိမိတို့ငွေကြေးလိမ်လည်ခံရခြင်းဖြစ်ကြောင်း တရားလိုများကပြောကြားပြီး စုစုပေါင်း ယန်း ၂၃ သန်းကို မီတာ၏ ဂျပန်နိုင်ငံလုပ်ငန်းခွဲဖြစ်သည့် Facebook Japan ထံမှ လျော်ကြေးငွေအဖြစ် တောင်းခံထားသည်။ ဆိုရှယ်မီဒီယာများပေါ်တွင် ထင်ပေါ်ကျော်ကြားသူများ အယောင်ဆောင်၍ လိမ်လည်မှု များပြားလာခြင်းကြောင့် ယခုကဲ့သို့ တရားစွဲဆိုမှုများ ရှိလာခြင်းဖြစ်ကြောင်း သိရသည်။ ကိုး

ကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-စိုးသူရ