ဂျပန်နိုင်ငံ၌ ရောက်ရှိနေကြသည့် မဲဆန္ဒပေးပိုင်ခွင့်ရှိသူ မြန်မာနိုင်ငံသားများ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်မဲ စတင်ပေး

အောက်တိုဘာ ၃ တိုကျို

 

ဂျပန်နိုင်ငံ၌ ရောက်ရှိနေကြသော မဲဆန္ဒပေးပိုင်ခွင့်ရှိသူ မြန်မာနိုင်ငံသားများ အနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် သက်ဆိုင်ရာ မဲဆန္ဒနယ်များအလိုက် ကြိုတင်ဆန္ဒမဲ ပေးနိုင်ပါရန် ယနေ့ (စနေနေ့) နံနက် ၉ နာရီမှ ညနေ ၅ နာရီ အထိ မြန်မာသံရုံး၊ တိုကျိုမြို့၌ မဲရုံကို စတင်ဖွင့်လှစ်ပေးခဲ့သည်။

ယင်းသို့ မဲရုံကို တိုကျိုမြို့တော်နှင့် ကန်တိုဒေသမှ Chiba, Kanagawa, Saitama, Ibaraki, Tochigi, Gunma ပြည်နယ်များ၌ နေထိုင်လျက် ရှိကြသည့် မြန်မာနိုင်ငံသားများမှ ကြိုတင်ဆန္ဒမဲ ပေးနိုင်ပါရန် အောက်တိုဘာ ၃ ရက်မှ အောက်တိုဘာ ၉  ရက်အထိ ဖွင့်လှစ်ပေးသွားမည် ဖြစ်သည်။

မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် ဂျပန်နိုင်ငံရှိ ကျန်ပြည်နယ်များတွင် နေထိုင်လျက်ရှိသည့် မဲဆန္ဒပေးပိုင်ခွင့်ရှိသူ မြန်မာနိုင်ငံသားများအတွက် မဲရုံကို အောက်တိုဘာ ၁၀ ရက်မှ အောက်တိုဘာ ၁၄ ရက်အထိ ဆက်လက်ဖွင့်လှစ် ပေးသွားမည် ဖြစ်သည်။

 

mdn

 

ထို့အပြင်၊ Tokai ဒေသရှိ Aichi, Gifu, Mie, Shizuoka ပြည်နယ်များမှ မြန်မာနိုင်ငံသား မဲဆန္ဒရှင်များအတွက် Aichi ပြည်နယ်၊ နာဂိုယာမြို့၊ မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်ချုပ်ရုံး၌ အောက်တိုဘာ ၁၀ ရက်မှ အောက်တိုဘာ ၁၁ ရက်အထိ မဲရုံခွဲ ဖွင့်လှစ် ဆောင်ရွက် ပေးသွားမည် ဖြစ်သည်။

တိုကျိုမြို့၊ မြန်မာသံရုံးတွင် ယနေ့ စတင်ဖွင့်လှစ်သည့် မဲရုံသို့ တိုကျိုမြို့တော်နှင့် ကန်တို ဒေသမှ မဲဆန္ဒပေးပိုင်ခွင့်ရှိသူ မြန်မာနိုင်ငံသား (၁၁၅၉)ဦး လာရောက်ခဲ့ကြပြီး၊ စည်းကမ်းတကျ ကြိုတင်ဆန္ဒမဲ ပေးခဲ့ကြသည်။ ထို့အပြင်၊ မဲဆန္ဒရှင်များအနေဖြင့် ကိုရိုနာဗိုင်းရပ်စ် တားဆီးကာကွယ်ရေး အစီအမံကိုလည်း အလေးထား လိုက်နာ ဆောင်ရွက်ခဲ့ကြသည်။

ယနေ့ မြန်မာသံရုံးသို့ ကြိုတင်မဲဆန္ဒပေးရန် လာရောက်ကြသူများအား မြန်မာသံရုံးမှ ဝန်ထမ်းများ၊ ဂျပန်နိုင်ငံ‌ရောက် မြန်မာနိုင်ငံသားများနှင့် လူငယ် Volunteers များမှ လိုအပ်သည်များ ပံ့ပိုးကူညီပေးခဲ့ကြောင်း သိရှိရသည်။

 

Credit> Ministry of Foreign Affairs Myanmar