ဂျပန်နိုင်ငံရဲ့ ကိုဗစ်-၁၉ အခြေအနေနဲ့ အိုလံပစ်ဂိမ်းတို့ရဲ့ အားပြိုင်မှု

လင်းဟန်သစ်

 

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ကူးစက်ဖြစ်ပွားနေတဲ့အချိန်မှာ ပြည်သူတွေရဲ့ လုံခြုံရေးကို ထည့်သွင်းစဉ်းစားရမယ်လို့ ကျန်းမာရေးကျွမ်းကျင်သူတွေက ဆိုထားတဲ့အတွက် အိုလံပစ် အားကစားပွဲစီစဉ်ကျင်းပသူတွေဟာ ပြည်တွင်းပွဲကြည့် ပရိသတ်တွေ ဘယ်လောက်များများ အားကစား ကျင်းပရာနေရာတွေကို ဘယ်လိုဝင်ရောက်ခွင့်ပြုမလဲဆိုတာနဲ့ ပတ်သက်ပြီး ဇွန် ၂၁ ရက်နောက်ပိုင်းမှာ ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။

 

အားကစားပြိုင်ပွဲတွေကို ပြန်လည်ပြုလုပ်ဖို့ ကြိုးစား

 

ပြည်သူတွေရဲ့ စိုးရိမ်ကန့်ကွက်မှုတွေနဲ့ ကိုဗစ်-၁၉ လှိုင်းဂယက် ပြန်လည်ရိုက်ခတ်လာမယ့်အပေါ် စိုးရိမ်ပူပန်မှုများ ရှိနေသည့်တိုင်အောင် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုကြောင့် နှောင့်နှေးခဲ့ရတဲ့ ဂျပန်နိုင်ငံဟာ ဒေါ်လာဘီလီယံပေါင်းများစွာတန်တဲ့ အားကစားပွဲတွေကို ပြန်လည်ပြုလုပ်ဖို့ ကြိုးစားဆောင်ရွက်နေပါတယ်။

 

တိုကျို ၂ဝ၂ဝ ဥက္ကဋ္ဌ ဆီကိုဟာရှီမိုတိုက အဆောက်အအုံတစ်ခုမှာ လူ ၁ဝဝဝဝ လောက်ပဲ ခွင့်ပြုချင်တာပါ။ ပင်လယ်ရပ်ခြား တိုင်းပြည်တွေက နိုင်ငံခြားသား ပွဲကြည့်ပရိသတ်တွေကို တိုကျိုအားကစားပြိုင်ပွဲတွေကို လာရောက်ကြည့်ရှုဖို့ အရင်ကတည်းက တားမြစ်ထားပါတယ်။

 

ပရိသတ်အင်အားကို ကန့်သတ်

 

အိုလံပစ်အားကစားပြိုင်ပွဲကျင်းပရေး တာဝန်ရှိသူတွေကတော့ အိုလံပစ် အားကစားပြိုင်ပွဲဖွင့်ပွဲနေ့မှာ ပရိသတ် ၂ဝဝဝဝ လောက် ခွင့်ပြုဖို့ ဆုံးဖြတ်ထားကြပါတယ်။ ခန့်မှန်းထားတဲ့ လူအရေအတွက်ထက် ပိုခဲ့မယ်ဆိုရင်တော့ သူတို့အနေနဲ့ ကွင်းထဲဝင်ခွင့်ရမှာမဟုတ်ဘဲ အပြင်ကပဲ အားပေးရမှာ ဖြစ်ပါတယ်လို့ ဒေသမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

 

ပြည်တွင်းပွဲကြည့်ပရိသတ်တွေ ဘယ်လောက်များများ ဝင်ခွင့်ပြုမယ်ဆိုတဲ့ တိကျတဲ့နောက်ဆုံး ဆုံးဖြတ်ချက်ကိုဇွန် ၂၁ ရက်မှာ ကျင်းပခဲ့တဲ့ တိုကျို ၂ဝ၂ဝ စီစဉ်ကျင်းပသူများ၊ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းကော်မတီ၊ ဂျပန်အစိုးရနဲ့ တိုကျိုအာဏာပိုင်တွေရဲ့ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ပါတယ်။

 

အားကစားပြိုင်ပွဲကို ကျင်းပဖို့ ဆန့်ကျင်ကန့်ကွက်

 

ဟာရှီမီတိုနဲ့ တိုကျို ၂ဝ၂ဝ အမှုဆောင်အရာရှိချုပ် တိုရှီရို မူတိုက အဲဒီငါးဖွဲ့ အစည်းအဝေး လုပ်ပြီးတဲ့နောက်မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပသွားမှာဖြစ်ပါတယ်။

 

ဂျပန်နိုင်ငံရဲ့ ထိပ်တန်းကျန်းမာရေး ကျွမ်းကျင်သူတွေက ပွဲကြည့်ပရိသတ်အင်အားကို ကန့်သတ်လိုက်တာဟာ အားကစားပြိုင်ပွဲကျင်းပတဲ့အခါမှာ အန္တရာယ်အနည်းဆုံး ရွေးချယ်မှုတစ်ခု ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

 

ဂျပန်ပြည်သူတွေကတော့ နိုင်ငံအတွင်း ကိုဗစ်-၁၉ကူးစက်ဖြစ်ပွားနေတဲ့အတွက် ဒီအားကစားပြိုင်ပွဲကို ဒီနှစ်နွေရာသီမှာ ကျင်းပဖို့ ဆန့်ကျင်ကန့်ကွက်ထားကြပါတယ်။

 

ဘေးကင်းလုံခြုံစွာမကျင်းပနိုင်ဘူး

 

အဆာဟိသတင်းရဲ့ ဇွန် ၁၉ ရက်နဲ့ ၂ဝ ရက်စစ်တမ်းတစ်ခုမှာတော့ ၆၅ ရာခိုင်နှုန်းလောက်သော ပါဝင်ဖြေကြားသူတွေက ဒီအားကစား ပြိုင်ပွဲကို ရွှေ့ဆိုင်းဖို့ သို့မဟုတ် ဖျက်သိမ်းဖို့ ဆန္ဒရှိနေတယ်လို့ ဖြေဆို ထားကြပါတယ်။ ။

 

ဂျပန်ဝန်ကြီးချုပ် ဆူဂါယိုရှီဟိဒဲနဲ့ အိုလံပစ်ပွဲစီစဉ်သူတွေက ထောက်ခံပြောနေသော်လည်း ၇ဝ ရာခိုင်နှုန်းလောက်သော ပါဝင်ဖြေဆိုသူတွေကတော့ ဒီအားကစားပွဲတော်ကြီးကို ဘေးကင်းလုံခြုံ စိတ်ချစွာ ကျင်းပနိုင်မှာ မဟုတ်ဘူးလို့ ဖြေကြားခဲ့ပါတယ်။

 

အရေးပေါ်အခြေအနေ ပြဋ္ဌာန်းချက်တွေကို ဆက်လက် ပြဋ္ဌာန်းမယ်

 

ဂျပန်ဝန်ကြီးချုပ် ဆူဂါက ကိုဗစ်-၁၉ ကူးစက်မှုတိုးလာခဲ့တဲ့ တိုကျိုနဲ့ တခြားခရိုင်ရှစ်ခုမှာ ကိုရိုနာဗိုင်းရပ်စ် အရေးပေါ်အခြေအနေ ကြေညာချက်ကို ဖယ်ရှားဖို့ လွန်ခဲ့တဲ့ သီတင်းပတ်က ဆုံးဖြတ်ချက်ချခဲ့ ပါတယ်။

သို့သော်လည်း အစိုးရကတော့ တိုကျိုအပါအဝင် တချို့ခရိုင်တွေမှာတော့ တစ်စိတ်တစ်ပိုင်း အရေးပေါ်အခြေအနေ ပြဋ္ဌာန်းချက်တွေကို ဆက်လက်ပြဋ္ဌာန်းသွားဦးမှာ ဖြစ်ပါတယ်။ အဲဒီပြဋ္ဌာန်းချက်ကတော့ ဇူလိုင် ၁၁ ရက်အထိ ကြာမြင့်မှာဖြစ်ပါတယ်။

 

စိတ်မကောင်းစရာဖြစ်ရပ်

 

ဂျပန်နိုင်ငံရဲ့ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုဟာ တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ နည်းတယ်လို့ ပြောရမှာပါ။ ကမ္ဘာမှာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား သေဆုံးမှုအများဆုံး နိုင်ငံကတော့ အမေရိကန်ပြည်ထောင်စုဖြစ်ပါတယ်။ ဒုတိယကူးစက်ဖြစ်ပွားမှု အများဆုံး နိုင်ငံကတော့ အိန္ဒိယနိုင်ငံဖြစ်ပါတယ်။ ကိုဗစ်-၁၉ ဖြင့် သေဆုံးမှုမှာတော့ ဘရာဇီးနိုင်ငံက ဒုတိယအများဆုံးလို့ ပြောရမှာဖြစ်ပါတယ်။ မကြာသေးမီကမှ အိန္ဒိယမှာ ထပ်မံဖြစ်ပွားလာတဲ့ ကိုဗစ်ကြောင့် ကမ္ဘာကို မျက်ဖြူဆိုက်စေခဲ့ပါတယ်။ ဒါကြောင့်မို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးသာမက တခြားကမ္ဘာ့နိုင်ငံတွေ အဖွဲ့အစည်းတွေက အိန္ဒိယ ကို ကူညီထောက်ပံ့နေကြပါတယ်။

 

ဂျပန်နိုင်ငံမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူပေါင်းဟာ ၁၄၀၀၀ ထက် ကျော်လွန်ခဲ့ပါပြီ။ ဒါဟာ တခြားကမ္ဘာ့ကူးစက်ဖြစ်ပွားမှု အများဆုံး ၁၀ နိုင်ငံနဲ့ နှိုင်းယှဉ်ကြည့်ရင်တော့ ဘာမှမဟုတ်သလို ထင်ရပေမယ့် နိုင်ငံအတွင်းမှာတော့ တကယ့်ကို စိတ်မကောင်းစရာဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။

 

အရင်းအမြစ်ဖြစ်နိုင်

 

ဒါကြောင့် ဂျပန်အစိုးရဟာ ဒီအခြေအနေကို အကောင်းဆုံးကျော်လွှားချင်တာကြောင့် နိုင်ငံတွင်းမှာ ကိုဗစ်-၁၉ ကာကွယ်ရေးတွေ၊ ထိန်းချုပ်ရေးတွေ၊ တားဆီးနှိမ်နင်းရေးတွေကို အပူတပြင်း လုပ်ဆောင် နေတာဖြစ်ပါတယ်။ မလုပ်ဆောင်ဘဲ နေနိုင်ရိုးလား။ ဒီ ကိုဗစ်-၁၉ ကပ်ဆိုးကြီးဟာ တစ်မျိုးလုံး ပြုတ်ပြုတ်ပြုန်းမယ့် အရေးပဲလေ။ ဒီအရေးကိုတော့ ဘယ်သူ၊ ဘယ်အစိုးရမင်းတွေကမှ အဖြစ်ခံနိုင်မယ် မထင်ပါဘူး။ ဒီအခြေအနေမှာ ဂျပန်နိုင်ငံသာမက တခြားနိုင်ငံတွေလည်း ဒီလိုမျိုးပဲ၊ တစ်ခါတစ်ရံမှာ ဒီထက်ပိုပြီးတော့ ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးတွေကို လုပ်ဆောင်မှာဖြစ်ပါတယ်။ ။

 

ဂျပန်နိုင်ငံရဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးရရှိဖြန့်ဝေမှုအပိုင်းမှာ အတော်လေးနှေးပါတယ်။ ဒါကြောင့်တချို့ဒေသတွေမှာ လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကို ထိန်းချုပ်ဖို့ အနိုင်နိုင်ကြိုးစားနေရတဲ့ကြားက အသွင်ပြောင်း ကိုဗစ်-၁၉ မျိုးစိတ်သစ်ရဲ့ ထပ်မံနှိပ်စက် ကလူပြုခြင်းကို လည်စင်းပြီးခံနေရပါတယ်။ ဒါဟာလည်း ကိုဗစ်-၁၉ လျင်မြန်စွာ ကူးစက်ပျံ့နှံ့စေတဲ့ အကြောင်းရင်းတစ်ခုဖြစ်သလို ကိုဗစ် - ၁၉ လှိုင်းဂယက်ကို ထပ်မံဖြစ်ပွားစေနိုင်တဲ့ အရင်းအမြစ်လည်း ဖြစ်နိုင်ပါတယ်။

 

ကာကွယ်ဆေးကို ကျယ်ကျယ်ပြန့်ပြန့်ထိုးပေးနေကြပြီ

 

အခုတော့ ဂျပန်နိုင်ငံမှာကိုဗစ်-၁၉ ဗိုင်းရပ်စ်ကို ထိန်းချုပ်ကာကွယ်သွားဖို့ တက္ကသိုလ်တွေ၊ အလုပ်တွေမှာလည်း ကိုဗစ်-၁၉ ကာကွယ်ဆေးတွေကို ထိုးပေးနေကြပြီဖြစ်ပါတယ်။ ။

 

ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုဟာ ဂျပန်နိုင်ငံမှာ အရင်ကလောက် မဆိုးတော့ဘူးလို့ ပြောရမလိုဖြစ်သော်လည်း ဒီထက်ပိုပြီး ပေါ့ဆလို့ မရဘူးဆိုတာကိုတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ သိထားကြပါတယ်။ ။

 

ဒါကြောင့်လည်း ကိုဗစ်-၁၉ ဖြစ်ပွားနေတဲ့ တိုင်းပြည်ရဲ့ ရှုပ်ထွေးနေတဲ့ ကပ်ရောဂါအခြေအနေမှာ အိုလံပစ်ပြိုင်ပွဲကြီးကို ကျင်းပနိုင်ရေး ဘက်ပေါင်းစုံက ပြင်ဆင်ဆောင်ရွက်နေကြတာဖြစ်ပါတယ်။ ပွဲကြည့်သူတွေ ကန့်သတ်တာကလည်း ဒီလိုအခြေအနေမှာ ကိုဗစ်-၁၉ ထပ်မံ ကူးစက်ဖြစ်ပွားမှုကို အကောင်းဆုံးကာကွယ်မှုတစ်ခုဖြစ်သလို နိုင်ငံအနှံ့ ကာကွယ်ဆေးထိုး လှုပ်ရှားမှုတွေကလည်း မကြာမီမှာ ကိုဗစ်-၁၉ ကပ်ရောဂါကို အဆုံးသတ်နိုင်မယ့် ဆောင်ရွက်မှုတွေပဲဖြစ်ပါတယ်။

 

ကိုးကား - အေအက်ဖ်ပီ၊ စီအင်န်အေ