ဂျပန်နိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးကို လူသားများဖြင့် ဇူလိုင်လတွင် စတင်စမ်းသပ်မည်

တိုကျို ၁၂  မေ

ဂျပန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ဆေးများကို လူသားများဖြင့် ဇူလိုင်လ အစောပိုင်းတွင် စတင်စမ်းသပ်တော့မည်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ယနေ့ပြောကြားခဲ့သည်။

ယနေ့ပြုလုပ်သော အောက်လွှတ်တော် ဘဏ္ဍာရေးကော်မတီ အစည်းအဝေးတွင် ဗိုင်းရပ်စ်ကာကွယ်ဆေးများကို လူဖြင့်စမ်းသပ်ရန် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

အဆိုပါဗိုင်းရပ်စ်ကာကွယ်ဆေးများကို အမေရိကန်နိုင်ငံတွင် လူသားများဖြင့် စမ်းသပ်စစ်ဆေးလျက်ရှိကြောင်း ဝန်ကြီးချုပ် အာဘေးက ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံရှိ တိုကျိုတက္ကသိုလ်၊ အိုဆာကာတက္ကသိုလ်၊ အမျိုးသား ကူးစက်ရောဂါအင်စတီကျုတို့ အပါအဝင် အင်စတီကျုအများအပြား၌ ဗိုင်းရပ်စ်ကာကွယ်ဆေးများကို စမ်းသပ်ထုတ်လုပ်လျက်ရှိကြောင်း ဝန်ကြီးချုပ် အာဘေးက ဆိုသည်။

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် တုတ်ကွေးရောဂါ ကာကွယ်ဆေး အေဗီဂန်ဆေးသည် ထိရောက်မှု အရှိဆုံးဖြစ်မည်ဟု ဂျပန်အစိုးရအဖွဲ့အနေဖြင့် ယုံကြည်ကြောင်း ဝန်ကြီးချုပ် အာဘေးက ပြောကြားခဲ့သည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန်- အောင်ကျော်ကျော်