ဂရစ်ဇ်မန်းအား ကြားဖြတ်ခေါ်ယူရန် မန်ယူအသင်း ပစ်မှတ်ထားနေ

၁၄  ဇွန်

 

ပရီမီယာလိဂ်ကလပ် မန်ယူအသင်းသည် ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ရန်နီးစပ်နေသူ အက်သလက်တီကို တိုက်စစ်မှူး အန်တိုနီယိုဂရစ်ဇ်မန်းအား ကြားဖြတ်ခေါ်ယူရန် ရည်ရွယ်နေကြောင်း သတင်းများတွင် ရေးသားဖော်ပြထားသည်။

 

မန်ယူအသင်းသည် ပြင်သစ်တိုက်စစ်မှူး ဂရစ်ဇ်မန်းအား ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၉၅ သန်းဖြင့် ခေါ်ယူသွားရန် ရည်ရွယ်ထားခြင်းဖြစ်သည်ဟ ုဆိုသည်။ လက်ရှိအချိန်တွင် မန်ယူအသင်း၏ စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူထားသည့် ကစားသမားအဖြစ် ရပ်တည်နေသူမှာ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဩဂုတ်လအတွင်းတွင် ဂျူဗင်တပ်စ်အသင်းထံမှ ပြောင်းရွှေ့ကြေး ပေါင် ၈၉ ဒသမ ၃ သန်းဖြင့် ခေါ်ယူခဲ့သည့် ပြင်သစ်ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဂ်ဘာ ဖြစ်သည်။

 

အသက် ၂၈ နှစ်အရွယ်ရှိ တိုက်စစ်မှူးဂရစ်ဇ်မန်းက ယခုနွေရာသီအတွင်းတွင် အက်သလက်တီကိုမက်ဒရစ် အသင်းမှ ထွက်ခွာမည်ဖြစ်ကြောင်း ပြီးခဲ့သည့် မေ ၁၄ ရက်တွင် အတည်ပြုကြေညာထားသူ ဖြစ်သည်။ အက်သလက်တီကို အသင်းနှင့် ဂရစ်ဇ်မန်းတို့ ချုပ်ဆိုထားသည့်စာချုပ်တွင် ဂရစ်ဇ်မန်းအား ခေါ်ယူလိုသည့် အသင်းများသည် ပြောင်းရွှေ့ကြေးအဖြစ် ယူရိုသန်း ၁၂၀ (ပေါင် ၁၀၆ ဒသမ ၇၅ သန်း) ပေးချေရမည်ဆိုသည့် အချက်အား ထည့်သွင်းချုပ်ဆိုထားကာ ဘာစီလိုနာအသင်းသည် အဆိုပါ သတ်မှတ်ပြောင်းရွှေ့ကြေးဖြင့် ဂရစ်ဇ်မန်းအား ခေါ်ယူလိမ့်မည်ဟု သတင်းများထွက်ပေါ်လာခဲ့သည်။ သို့သော်လည်း လက်ရှိအချိန်တွင် ဘာစီလိုနာအသင်း တာဝန်ရှိသူများသည် တိုက်စစ်မှူး ဂရစ်ဇ်မန်းထက် ပီအက်စ်ဂျီအသင်းမှ ဘာစီလိုနာတိုက်စစ်မှူးဟောင်း နေမာကို ပြန်လည်ခေါ်ယူရန် ဦးစားပေးလုပ်ဆောင်နေကာ ဂရစ်ဇ်မန်းအား ခေါ်ယူရေးအတွက် တရားဝင်ကမ်းလှမ်းလာမှု မရှိသေးသောကြောင့် မန်ယူအသင်းအနေဖြင့် ဂရစ်ဇ်မန်းကို ခေါ်ယူရန် အလားအလာ ကောင်းမွန်နေသည်ဟုဆိုသည်။

 

ပြီးခဲ့သည့် ဇွန် ၁၂ ရက်တွင် ပြင်သစ်အသင်းက အန်ဒိုရာအသင်းအား လေးဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သော ၂၀၂၀ ပြည့်နှစ် ဥရောပဖလားပြိုင်ပွဲ ခြေစစ်ပွဲအပြီးတွင် တိုက်စစ်မှူး ဂရစ်ဇ်မန်းက လာလီဂါပြိုင်ပွဲမှာ ကျွန်တော် ဆက်ရှိနေမလားဆိုတာကို မသိနိုင်သေးပါဘူး။ ကျွန်တော့်အနေနဲ့ ဘယ်အသင်းကို သွားချင်တယ်ဆိုတာကိုတော့ ကိုယ့်ဘာသာကိုယ် သိပါတယ်။ ကျွန်တော့်မျှော်လင့်ချက် အမြန်ဆုံးဖြစ်ပေါ်လာဖို့ကိုလည်း ရည်မှန်းထားတယ်ဟု ပြောခဲ့သည်။

 

ထက်အောင်