ဂရိနိုင်ငံ၌ ကျင်းပသည့် International Series ကြက်တောင်ရိုက်ပြိုင်ပွဲတွင် သက်ထားသူဇာ ဒုတိယရရှိ

၁၁ သြဂုတ်


ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က ကြီးမှူးကျင်းပလျက်ရှိသည့် International Series ကြက်တောင်ရိုက်ပြိုင်ပွဲဖြစ်သော Hellas Open 2019 ပြိုင်ပွဲကို သြဂုတ် ၈ ရက်မှ ၁၁ ရက်အထိ ဂရိနိုင်ငံ၌ ကျင်းပရာ မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာ ဒုတိယဆုရရှိခဲ့သည်။


သက်ထားသူဇာသည် ယခုပြိုင်ပွဲတွင် ပုံမှန်လက်စွမ်းပြသနိုင်ခဲ့သော်လည်း ဗိုလ်လုပွဲတွင် မလေးရှားကစားသမားကို အရေးနိမ့်ကာ ချန်ပီယံဆုနှင့် လွဲချော်ခဲ့ခြင်းဖြစ်သည်။ သက်ထားသူဇာသည် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ၏ အစီအစဉ်ဖြင့် ဒိန်းမတ်နိုင်ငံ၌ လေ့ကျင့်နေစဉ်ကာလအတွင်း ပြိုင်ပွဲများ ယှဉ်ပြိုင်နေခြင်းဖြစ်သည်။ Hellas Open 2019 ပြိုင်ပွဲတွင် သက်ထားသူဇာသည် ပထမအဆင့်မှ စတင်ယှဉ်ပြိုင်ခဲ့ရပြီး သက်ထားသူဇာသည်   ပထမအဆင့်တွင်  ရီကာ (ဟန်ဂေရီ) ကို ၂၁-၁၁ မှတ်၊ ၂၁-၁၃ မှတ်ဖြင့် နှစ်ပွဲပြတ်၊ ဒုတိယအဆင့်တွင်  ဒါဘာချန်စကာ (ပိုလန်) ကို ၂၁-၁၁ မှတ်၊ ၂၁-၁၅ မှတ်ဖြင့် နှစ်ပွဲပြတ်၊ ကွာတားဖိုင်နယ်တွင်  နာတယ်ရာ (ယူကရိန်း) ကို ၂၁-၁၄ မှတ်၊ ၂၁-၁၉ မှတ်ဖြင့် နှစ်ပွဲပြတ်၊ ဆီမီးဖိုင်နယ်တွင် လီအိုနိုက် (ပြင်သစ်) ကို ၁၆-၂၁ မှတ်၊ ၂၁-၁၃ မှတ်၊ ၂၁-၁၇ မှတ် နှစ်ပွဲ-တစ်ပွဲတို့ဖြင့် အနိုင်ရခဲ့ပြီး ဗိုလ်လုပွဲတွင် ကီဆိုနာ (မလေးရှား) ကို ၁၄-၂၁ မှတ်၊ ၉-၂၁ မှတ်ဖြင့် နှစ်ပွဲပြတ် ရှုံးနိမ့်ခဲ့သည်။ သက်ထားသူဇာသည် သြဂုတ် ၁၂ ရက်မှ ၁၅ ရက်အထိ ဘူဂေးရီးယားနိုင်ငံ၌ ကျင်းပမည့် International Series ကြက်တောင်ရိုက်ပြိုင်ပွဲတွင် ထပ်မံယှဉ်ပြိုင်မည်ဖြစ်သည်။


သက်ထားသူဇာသည် ၂၀၂၀ အိုလံပစ်ပြိုင်ပွဲဝင်ခွင့်ရရန် ကြိုးပမ်းလျက်ရှိပြီး ယခုနှစ်အတွင်း ယှဉ်ပြိုင်ခဲ့သည့် နိုင်ငံတကာပြိုင်ပွဲအများစုတွင် အောင်မြင်မှုရယူနိုင်ခဲ့သည်။ 


သတင်း-ရဲရင့်ရှိုင်း


ဓာတ်ပုံ- သက်ထားသူဇာ Facebook