ဂုံရှမ်းတိုင်းရင်းသား လူမျိုးစုများအကြောင်း

ဉာဏ်ကောင်းဆက်

 

 

ဂုံရှမ်းတိုင်းရင်းသားများကို ဂုံရှမ်း (ခ) တိုင်းခဲင်ဟုလည်း ခေါ်ဆိုကြသည်။ တိုင်းဆိုသည်မှာ ရှမ်းဖြစ်ပြီး ခဲင်ဆိုသည်မှာ နမ့်ခဲင်ချောင်းဘေးတွင် နေထိုင်သည့် ရှမ်းလူမျိုးဟုအဓိပ္ပာယ် ရသည်။

 

ဂုံရှမ်းတိုင်းရင်းသားတို့သည် မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာသော အုပ်စုကြီးသုံးခုအနက် ထိုင်းတရုတ်အုပ်စုကြီးတွင် ပါဝင်သောတိုင်းရင်းသားမျိုးနွယ်စုများဖြစ်သည်။ ဂုံရှမ်းအပါအဝင် ရှမ်းလူမျိုးစုများသည် လွန်ခဲ့သောနှစ်ပေါင်း ၄၅၀ဝ ခန့်က အာရှတိုက်အလယ်ပိုင်း မွန်ဂိုလီးယားဒေသတွင် ရှမ်းပြည်ထောင်ကြီးကို ထူထောင်နေထိုင်ခဲ့ကြကြောင်း၊နောက်ပိုင်း ရေကြည်ရာ မြက်နုရာ ရှာဖွေ ရွှေ့ပြောင်းလာကြပြီး နှစ်ပေါင်း ၃၅၀ဝ ခန့်အထိ တရုတ်ပြည်အလယ်ပိုင်း ယန်စီကျင်းမြစ်ကမ်းဒေသမှ အရှေ့ပင်လယ်ကမ်းခြေအထိနေထိုင်ခဲ့ကြကြောင်း၊ တရုတ်မင်းများကဟောင်ဟိုမြစ်အထက်ပိုင်းတွင် အုပ်ချုပ်ခဲ့ကြပြီး မြစ်ဝါမြစ်တောင်ပိုင်းတစ်လျှောက်ကို ရှမ်းလူမျိုးများက အုပ်ချုပ်နေထိုင်ကြောင်း၊ ထိုမှ တောင်ပိုင်းဒေသသို့ လမ်းကြောင်းသုံးသွယ်ဖြင့်ဆင်းသက်လာခဲ့ရာ ဂုံရှမ်းလူမျိုးစုများသည်မြန်မာနိုင်ငံ သံလွင်မြစ်နှင့် မဲခေါင်မြစ်၊နမ့်ဖယားမြစ်ကြားသို့ ဆင်းသက်လာသောလူမျိုးစုများတွင်ပါဝင်ခဲ့ကြောင်း လေ့လာသိရှိရသည်။

 

ဂုံရှမ်းတိုင်းရင်းသားတို့သည် အခြားသောမြို့၊ ရွာများတွင် အခြားသောတိုင်းရင်းသားများနှင့် ရောနှောနေထိုင်ကြပြီး ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံဒေသတွင် အများဆုံးနေထိုင်ကြသည်။

 

ကျိုင်းတုံဒေသအတွင်းသို့ ဝင်ရောက်နေထိုင်သော ဂုံရှမ်းများသည် ယခင်က ယွန်းရှမ်းများဖြစ်ကြသည်။ တစ်ခါသော် ယိုးဒယားပြည်(ထိုင်း) တောင်ဘက်ပင်လယ်ပြင်တွင် သင်္ဘောတစ်စင်းပျက်ရာမှ ယင်းသင်္ဘောပေါ် တွင် ပါလာသူအချို့သည် အသက်မသေဘဲ ထိုင်းပင်လယ်ကမ်းစပ်သို့ ရောက်လာကြသည်။

 

ထိုမှတစ်ဆင့် ဇင်းမယ်သို့ ရောက်ရှိလာရာ ဇင်းမယ်စော်ဘွားသည် သင်္ဘောသားများကို လွန်စွာသဘောကျသဖြင့် ကျိုင်းတုံစော်ဘွားထံ အမှုထမ်းရန်စေလွှတ်ခဲ့သည်။ ကျိုင်းတုံစော်ဘွား စဝ်နမ့်တုမ်က ယင်းသင်္ဘောသားတို့၏ အရည်အသွေးကို သဘောကျသော်လည်း ၎င်းယွန်းရှမ်းများ ရောက်လာပြီးနောက် ကျိုင်းတုံနယ်၌ ရောဂါဘယများထူပြောပြီးစော်ဘွားများလည်း အသက်တိုပျက်စီးကြသဖြင့် ဗေဒင်ပညာရှိတို့ကို မေးမြန်းရာ ယွန်းဆိုသောအမည်သည် တိုင်းပြည်၏ နေ့နံနှင့်မတည့်သဖြင့် ပြောင်းလဲရန်လိုအပ်ကြောင်း လျှောက်ထားကြရာမှ ယွန်းအမည်အစား ခဲင်ဟု ခေါ်ဝေါ်စေခဲ့ကြောင်း သမိုင်းကြောင်းအဆိုရှိသည်။

 

ထို့အပြင် အဆိုနောက်တစ်ခုကလည်း မန်းရိုင်းဘုရင်(ဇင်းမယ်စော်ဘွား)က သားဖြစ်သူ စဝ်နမ့်တုမ်ကို စော်ဘွားခန့်အပ်၍ ရဟန်း၊ သံဃာတော်များနှင့်အတူ ကျိုင်းတုံကိုစေလွှတ်ပြီး ကျိုင်းတုံကို ခေမရဋ္ဌတုံဂပူရီ ဟုအမည်ပေးသည်။

 

စဝ်နမ့်တုမ်ဘယားအဖြစ် နန်းတက်သည့် ဘိသိက်ခံပွဲ၌ ရဟန်း၊ သံဃာတော်များနှင့်နက္ခတ်ပညာရှင်များက ကျိုင်းတုံ၏ နက္ခတ်အား တွက်ချက်ရာ ကျိုင်းတုံမြို့၏နာမ်သည်တနင်္လာနံ၊ နေထိုင်သောလူမျိုးများသည် ဗုဒ္ဓဟူးနံယွန်းဖြစ်သဖြင့် ကျိုင်းတုံမြို့ကို ဘေးအန္တရာယ်ကျရောက်စေနိုင်သည်ဟု အဟောထွက်သဖြင့် ယွန်းလူမျိုးများအား ဂုံအဖြစ် လူမျိုးအမည်ပြောင်းလဲခဲ့ကြောင်း ဆိုကြသည်။

 

ဂုံရှမ်းအများစုနေထိုင်ရာ ကျိုင်းတုံမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၂၇၀ဝ ခန့်တွင် တည်ရှိသည်။ ကျိုင်းတုံမြို့ပတ်လည်တွင် နမ့်လွေချောင်း၊ နမ့်ခဲင်ချောင်း၊နမ့်လပ်ချောင်းများ စီးဆင်းလျက်ရှိသည်။နမ့်ခဲင်ချောင်းနှင့် နမ့်လပ်ချောင်းတို့သည် အခြားသော ချောင်းများနှင့်မတူဘဲ တောင်မှ မြောက်သို့ စီးဆင်းနေကြသည်။

 

ရှေးက ကျိုင်းတုံသည် မြို့အမည်ငါးခု၊တောင်ထိပ်သုံးထိပ်၊ ကျိုင်းခုနစ်ကျိုင်း၊ တံခါး၁၂ ပေါက်နှင့် ကန်ကိုးကန်ရှိသော မြို့ဟုထင်ရှားသည်။

 

မြို့အမည်ငါးခုမှာ မိုင်းစန္နရဝဇီရကွမ်း၊မိုင်းဒမ္မလပ်၊ ခေမရဋ္ဌ၊ တုံဂပူရီ၊ ကျိုင်းတုံမြို့တို့ဖြစ်သည်။ တောင်ထိပ်သုံးထိပ်မှာ စွမ်ဆတ်၊စွမ်မွန်း၊ စွမ်တောင်းတို့ဖြစ်ပြီး အဆိုပါတောင်ထိပ် သုံးခုဖြင့် မြို့ကိုဝန်းရံထားကြောင်း သိရသည်။

 

ကျိုင်းခုနစ်ကျိုင်းမှာ ကျိုင်းအင်း၊ ကျိုင်းစံ၊ကျိုင်းငမ်း၊ ကျိုင်းလန်း၊ ကျိုင်းစမ်၊ ကျိုင်းယင်း၊ကျိုင်းခုံတို့ ဖြစ်သည်။ တံခါး ၁၂ ပေါက်မှာမင်္ဂလာတံခါး၊ ပါလျန်တံခါး၊ ကျိုင်းလန်းတံခါး၊ငမ်ဖတံခါး၊ ဖာယန်တံခါး၊ စဲန်းမိုင်တံခါး၊ယန်းခမ်းတံခါး၊ နောင်လိတ်တံခါး၊ နောင်ဖာတံခါး၊ ကိုင်ဟိုက်တံခါး၊ ယန်းပိန်းတံခါး၊ ယန်းကုန်းတံခါးတို့ဖြစ်သည်။ကျိုင်းတုံမြို့ကို လေးမိုင် ငါးဖာလုံခန့်ရှည်လျားသော မြို့ရိုး၊ ကျုံးတို့ဖြင့် တည်ဆောက်ကာရံထားပြီး အထက်ပါ တံခါးပေါက် ၁၂ ပေါက်ပါဝင်ကြောင်း သိရသည်။

 

ကန်ကိုးကန်မှာ နောင်တုံကန်၊ နောင်ယန်းကန်၊ နောင်ခေ့ကန်၊ နောင်တုံးကန်၊ နောင်ယေးကန်၊ နောင်လျန့်ကန်၊ နောင်ခိုက်ကန်၊နောင်တာစန့်ကန်၊ နောင်ပေါင်းကန်တို့ဖြစ်ပြီးယခုအခါ နောင်တုံကန်နှင့် နောင်ယန်းကန်တို့သာ ကျန်ရှိတော့ကြောင်း သိရသည်။

 

ကျိုင်းတုံဒေသသည် ရှေးက လွလူမျိုးတို့နေထိုင်ကြပြီး ခရစ်နှစ် ၁၂၆၃ ခုနှစ်တွင် ကျင်းရိုင်းဘုရင် မန်းရိုင်းသည် လွတို့ထံမှသိမ်းပိုက်ခဲ့ကြောင်းသိရသည်။ ဘုရင်မန်းရိုင်းသည် ၎င်း၏သား စဝ်နမ့်တုမ်ကို ဘယားဘွဲ့ခံအုပ်ချုပ်သောမင်းအဖြစ် ခန့်အပ်၍ ရဟန်းသံဃာတော်များနှင့် ကျိုင်းတုံသို့ စေလွှတ်သည်။မြို့ကိုလည်း ခေမရဋ္ဌတုံဂပူရီဟု ဘွဲ့အမည်ပေးသည်။ စဝ်နမ့်တုမ်သည် ကျိုင်းတုံစော်ဘွားဆက် စတင်သူဖြစ်ကြောင်း သိရသည်။

 

၁၄၁၀ ပြည့်နှစ်တွင် စော်ဘွား ဘယားကျောက်မထု (ခ) စဝ်ယီခမ်းလက်ထက်တွင် မိုးခေါင်သဖြင့် နမ့်ခဲင်ချောင်း၌ ဖားနတ်ပူဇော်ပွဲ (မင်္ဂလာစည်တော်ပို့ဆောင်ပွဲ) ကျင်းပမှ မိုးရွာသဖြင့် နှစ်စဉ် ထိုပွဲကို ဧပြီလ သင်္ကြန်ရက်အတွင်း ကျင်းပလာခဲ့ရာ ယနေ့တိုင်ထင်ရှားသောပွဲတော်ဖြစ်သည်။ ထိုစော်ဘွား လက်ထက်မှစတင်ပြီး ကျိုင်းတုံမြို့တည်နှစ်သတ်မှတ်ခဲ့ရာ ၂၀၁၁ ခုနှစ်တွင် ကျိုင်းတုံမြို့တည်နှစ် ၆၀ဝ ပြည့်ပွဲ ကျင်းပခဲ့သည်။

 

၁၂၆၃ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိအုပ်ချုပ်ခဲ့သော ကျိုင်းတုံစော်ဘွားဆက် ၄၅ ဆက်ရှိပြီး နောက်ဆုံးစော်ဘွားမှာ စော်ဘွားစဝ်စိုင်းလုံဖြစ်သည်။ ၁၈၉၀ ပြည့်နှစ်ခန့်တွင်အင်္ဂလိပ်တို့ ကျိုင်းတုံကိုရောက်ရှိပြီး လွိုင်မွေမြို့တွင် ရုံးစိုက်သဖြင့် လွိုင်မွေတွင် အင်္ဂလိပ်တို့နေထိုင်ခဲ့သောအိမ်များ ယနေ့ထက်တိုင်တည်ရှိသည်။

 

ကျိုင်းတုံစော်ဘွားများ၏ ထူးခြားချက်မှာရှမ်းပြည်နယ်စော်ဘွားအားလုံး ၁၉၅၉ ခုနှစ်တွင် အာဏာစွန့်ပြီး ရှမ်းအစိုးရဖြစ်ပေါ်နေချိန်တွင် ကျိုင်းတုံစော်ဘွားများမှာ အာဏာမစွန့်ရသေးဘဲ လိုသလိုမပြင်ဆင်ရသေးသဖြင့် ၁၉၆၂ ခုနှစ်ရောက်မှ အာဏာစွန့်ခဲ့ရသည်။

 

ကိုးကွယ်ယုံကြည်မှု

 

တိုင်းခဲင်(ခ) ဂုံရှမ်း တိုင်းရင်းသား ၉၅ ရာခိုင်နှုန်းမှာ ဗုဒ္ဓဘာသာဝင်များဖြစ်ကြပြီးနတ်ကိုးကွယ်မှုအနည်းငယ်ရှိသည်။ကျိုင်းတုံဒေသသို့ ဗုဒ္ဓသာသနာရောက်ရှိလာပုံမှာ မဟာသက္ကရာဇ် ၁၁၉ ခုနှစ်တွင် ဂေါတမမြတ်စွာဘုရားသည် အရှေ့ဖျားသို့ဒေသစာရြွီကချီခဲ့ရာ တရုတ်ပြည် ဆစ်ဆောင်ပနား ထိုမှတစ်ဆင့် ကျိုင်းတုံမြို့သို့ ကြွရောက်တော်မူခဲ့သည်။

 

ထိုစဉ်က ကျိုင်းတုံမြို့နေရာသည် ရေကန်ကြီးသဖွယ် ရေလွှမ်းမိုးလျက်ရှိပြီး မြတ်စွာဘုရားရှင်က ငါဘုရားပရိနိဗ္ဗာန်ပြုပြီး နှစ်ပေါင်း ၁၅၀ တွင် တုံဂမည်သောရသေ့တစ်ပါး ရောက်ရှိလာပြီး ဤအရပ်ကို ရေခန်းအောင်ပြုလိမ့်မည်။ထို့နောက် ဗုဒ္ဓသာသနာတော်ထွန်းကားလိမ့်မည်ဟု ဗျာဒိတ်တော်ထားခဲ့သည်။

 

ဗျာဒိတ်တော်အတိုင်းပင် ဘုရားရှင်ပရိနိဗ္ဗာန်စံလွန်ပြီးနောက် တုံဂရသေ့ရောက်ရှိလာပြီး တောင်ဝှေးဖြင့် ရေကန်ကြီးကိုဖောက်ချခဲ့ရာ ခုနစ်နှစ် ခုနစ်လကြာသောအခါရေကန်ကြီးခန်းခြောက်ပြီး အလယ်တွင် ရေကန်ငယ်အဖြစ်သာ ကျန်ရစ်ခဲ့သည်။ထိုရေကန်ငယ်သည် ယနေ့တိုင်ထင်ရှားသော နောင်တုံကန်ပင်ဖြစ်သည်။

 

ဂုံရှမ်းတိုင်းရင်းသားများသည် ဘုန်းတော်ကြီးကျောင်းများကိုလည်း ခမ်းနားထည်ဝါစွာဆောက်လုပ်ကိုးကွယ်ကြသည်။ အရေးအကြီးဆုံး ဘာသာရေးကိစ္စအဖြစ် ဥပုသ်စောင့်ရေးကို ဆောင်ရွက်ကြသည်။ ဘုန်းကြီးကျောင်းများကို ကြီးမားခံ့ထည်စွာတည်ဆောက်ပြီး ကျောင်းဝင်းအတွင်း၌ သိမ်၊ စေတီတို့တည်ထားပုံမှာ ဂုံရှမ်းရွာတိုင်းတွင် လေ့လာတွေ့ရှိရသည်။ ။ ကိုးကား - ဂုံရှမ်းသမိုင်းစာတမ်း

 

ကြေးမုံ