ဂျူဗင်တပ်စ်ကစားသမား ကန်ဆီလိုအား မန်စီးတီးအသင်း ခေါ်ယူ 

ဂျူဗင်တပ်စ်အသင်း တောင်ပံကစားသမား ဂျာအိုကန်ဆီလိုအား ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း ပရီမီယာလိဂ်လက်ရှိ ချန်ပီယံ မန်စီးတီးအသင်းက သတင်းထုတ်ပြန်ကြေညာလိုက်သည်။ မန်စီးတီးအသင်းနှင့် ပေါ်တူဂီကစားသမား ကန်ဆီလိုတို့သည် ခြောက်နှစ်သက်တမ်းရှိ စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။


မန်စီးတီးအသင်းသည် ပြောင်းရွှေ့ကြေး ပေါင် သန်း ၆၀ တန်ကြေးရှိ တောင်ပံကစားသမား ကန်ဆီလိုအား ခေါ်ယူရန်အတွက် ပြောင်းရွှေ့ကြေး ပေါင် ၂၇ သန်းနှင့် အသင်းမှ ဘရာဇီးခံစစ်မှူး ဒါနီလို (၂၈ နှစ်) အား အလိုက်ပေးခဲ့ရသည်။


တောင်ပံကစားသမား ကန်ဆီလိုက “မန်စီးတီးအသင်းဟာ တကယ့်ကို ကောင်းမွန်တဲ့အသင်းပါ။ ထိပ်တန်းအဆင့်မန်နေဂျာကောင်းတစ်ဦးကိုလည်း ပိုင်ဆိုင်ထားတဲ့အသင်း ဖြစ်ပါတယ်။ ဒါကြောင့် မန်စီးတီးအသင်းမှာ ပါဝင်ရမယ့်အတွက် ကျွန်တော်ကျေနပ်ဝမ်းသာမိပါတယ်။ မန်စီးတီးအသင်းရဲ့ အရာရာတိုင်းကို ကျွန်တော် နှစ်သက်မိပါတယ်။ အသင်းရဲ့ ကစားပုံအပါအဝင်ပေါ့။ ကျွန်တော်ဟာ ကျွန်တော့်ရဲ့ ခြေစွမ်းပိုင်းတိုးတက်လာဖို့နဲ့ ဆုဖလားတွေ ဆွတ်ခူးနိုင်ဖို့ အမြဲတမ်းလိုလားနေသူ ဖြစ်ပါတယ်။ မန်စီးတီးအသင်းမှာလည်း ဒီလိုအောင်မြင်မှုတွေ ရယူနိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။ ပရီမီယာလိဂ်ပြိုင်ပွဲကို ထိတွေ့စမ်းသပ်ဖို့ စိတ်စောနေမိတယ်” ဟု ပြောဆိုခဲ့သည်။


တောင်ပံကစားသမား ကန်ဆီလိုသည် ၂၀၁၈ ခုနှစ်တွင် ဗလန်စီယာအသင်းမှ ဂျူဗင်တပ်စ်အသင်းသို့ ပြောင်းရွှေ့ကြေး ယူရို ၄၀ ဒသမ ၄ သန်းဖြင့် ပြောင်းရွှေ့လာသူဖြစ်ကာ ငါးနှစ်သက်တမ်းရှိ စာချုပ်ချုပ်ဆိုခဲ့သူဖြစ်သော်လည်း ဂျူဗင်တပ်စ်အသင်းတွင် တစ်ရာသီသာ ပါဝင်ကစားပြီးချိန်၌ မန်စီးတီးသို့ ထပ်မံပြောင်းရွှေ့လာခဲ့သူဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၈-၁၉ ခုနှစ် ဘောလုံးရာသီတွင် တောင်ပံကစားသမား ကန်ဆီလို (၂၅ နှစ်)သည် ဂျူဗင်တပ်စ်အသင်းအတွက် စုစုပေါင်း ၃၄ ပွဲ ပါဝင်ကစားခဲ့ကာ တစ်ဂိုးသွင်းယူပေးနိုင်ခဲ့သူဖြစ်သည်။ 


ထက်အောင်