ဂူဂဲလ်က Gemini AI ကို တရားဝင်မိတ်ဆက်၊ Pixel 8 ဖုန်းများတွင် စတင်အသုံးပြုနိုင်

 

ရန်ကုန်၊ ဒီဇင်ဘာ  ၁၀

 

ဂူဂဲလ်ကုမ္ပဏီက ထုတ်ထားသည့် AI နည်းပညာများအနက် အဆင့် အမြင့်ဆုံးဖြစ်သော Gemini AI ကို ဒီဇင်ဘာ ၆ ရက်တွင် တရားဝင် မိတ်ဆက်ထုတ်ဝေလိုက်ပြီဖြစ်ပြီး ဂူဂဲလ်၏ Pixel 8 ဖုန်းများကို သုံးစွဲနေသူများသည် Gemini  AI  ကို ပထမဆုံးအနေဖြင့် စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။ ဂူဂဲလ်အနေဖြင့် Gemini AI ကို လွန်ခဲ့သည့် လေးနှစ်ကျော်ကပင် စတင် အကောင်အထည်ဖော်နေခဲ့ကာ ထိုအကြောင်းကို ယခုနှစ် ဇွန်လက ကျင်းပခဲ့သည့် Google I/O ပွဲတွင် မိတ်ဆက်ပြောကြားခဲ့ ပြီးနောက် ယခု ဒီဇင်ဘာလတွင် ပထမဆုံးအသုံးပြုနိုင်ရန် ထုတ်ဝေလိုက်ခြင်းဖြစ်သည်။

 

ဂူဂဲလ်အနေဖြင့် Gemini AI ကို Gemini Ultra, Gemini Pro နှင့် Gemini Nano ဟု မော်ဒယ် သုံးမျိုးဖြင့် စတင်ထုတ်ဝေလိုက်ပြီး ယင်းတို့အနက် အနိမ့်ဆုံးနှင့် အပေါ့ပါးဆုံးဖြစ်သော Gemini Nano မှာ အန်းဒရွိုက် OS သုံး စက်ပစ္စည်းများတွင် မူရင်းနှင့် အော့ဖ်လိုင်းသုံးနိုင်မည့် ဗားရှင်းဖြစ်သည်။ Gemini Pro မှာမူ ဂူဂဲလ် ၏ အခြား AI နည်းပညာတစ်ခု ဖြစ်သော Bard နှင့် ပေါင်းစပ်ကာ Google AI ဝန်ဆောင်မှုများစွာကို စွမ်းအားမြှင့်ပေးမည့် ဗားရှင်းတစ်ခုဖြစ်သည်။ Gemini Ultra မှာ စွမ်းဆောင်ရည်အမြင့်ဆုံးဖြစ်ပြီး ဂူဂဲလ်က ဖန်တီးထားသော ဒေတာစင်တာများနှင့် လုပ်ငန်းသုံး အက်ပလီကေးရှင်းများတွင် အဓိကအသုံးပြုရန် ဒီဇိုင်းထုတ်ထားသည့် ဗားရှင်းဖြစ်သည်။

 

Gemini AI ကို လက်ရှိတွင် အင်္ဂလိပ်ဘာသာ တစ်မျိုးတည်းဖြင့်သာ ရရှိနိုင်မည်ဖြစ်သော်လည်း မကြာမီတွင် အခြားဘာသာစကား များဖြင့် ထွက်ပေါ်လာမည်ဖြစ်ကြောင်း၊ Gemini AI သည် ဂူဂဲလ် ၏ Multi-task Language Un-derstanding စွမ်းဆောင်ရည် ကြောင့် ပရိုဂရမ်ရေးသားသည့် ဘာသာစကား (Programming Language) များအတွက် ကုဒ်ထုတ်နိုင်ခြင်း၊ ဗီဒီယိုနှင့် အသံတို့ကို နားလည်နိုင်ပြီး အပြန်အလှန်တုံ့ပြန်နိုင်ခြင်း၊ ရုပ်ပုံများနှင့်အသံများကို လေ့လာသင်ယူနိုင်ခြင်း၊ ဒေတာများစွာကို တတ်နိုင်သမျှ စုဆောင်းကာ အမျိုးမျိုးအဖုံဖုံ တုံ့ပြန်မှုများပေးခြင်းတို့ကို လုပ်ဆောင်သွားနိုင်မည်ဖြစ်ကြောင်း၊ အဆိုပါ စွမ်းဆောင်ရည်များကြောင့် Gemini AI အနေဖြင့် လက်ရှိနာမည်ကြီး AI Chatbot ဖြစ်သော ChatGPT-4 ၏ အဓိက ပြိုင်ဘက် ဖြစ်လာမည်ဖြစ်ကြောင်းလည်း ဂူဂဲလ်ကုမ္ပဏီ၏ CEO က ဒီဇင်ဘာ ၆ ရက် မိတ်ဆက်ပွဲတွင် ပြောကြားထားသည်။

 

mdn

 

ယခုအခါ ဂူဂဲလ်အနေဖြင့် Gemini AI မော်ဒယ်သုံးမျိုးလုံးကို တရားဝင် မိတ်ဆက်ထုတ်ဝေလိုက်ပြီဖြစ်သော်လည်း လက်ရှိအချိန် တွင် ကမ္ဘာတစ်ဝန်းမှ အသုံးပြုသူ များသည် Pixel 8 ဖုန်းများမှ တစ်ဆင့် Gemini Nano တစ်မျိုးတည်းကိုသာ စတင်အသုံးပြုနိုင်ဦး မည်ဖြစ်သည်။ Pixel 8 ဖုန်းများမှာ ယခုနှစ် အောက်တိုဘာလတွင်မှ စတင်ရောင်းချထားသော မော်ဒယ်သစ်ဖုန်းများဖြစ်ရာ လတ်တလော တွင် Gemini AI ကို လူအနည်းငယ် ကသာ လက်တွေ့စမ်းသပ်အသုံးပြုနိုင်မည်ဖြစ်သည်။

 

Gemini Pro ဗားရှင်းကိုမူ ဒီဇင်ဘာ ၁၃ ရက်မှစ၍ Google Generative AI Studio သို့မဟုတ် Vertex AI မှတစ်ဆင့် Google Cloud တွင် အသုံးပြုနိုင်မည်ဟု ကြေညာထားရာ ယင်းနေ့တွင်မှ လူအများအပြား စမ်းသပ်သုံးစွဲနိုင်မည်ဖြစ်ပြီး အားနည်းချက် အားသာချက်များကို အသေးစိတ် သိရှိရမည်ဖြစ်သည်။ ယင်းနောက်တွင် Gemini AI ကို ဂူဂဲလ်၏ ရှာဖွေရေးအင်ဂျင်ဖြစ်သော Goo-gle search တွင်ပါ ပေါင်းထည့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ Gemini Ultra ဗားရှင်းကိုမူ လာမည့်နှစ်တွင်မှ စတင်အသုံးပြု နိုင်မည်ဖြစ်ပြီး လူတိုင်းအသုံးပြုခွင့်ရမည်မဟုတ်ဘဲ Developer များနှင့် အခပေး၍ လုပ်ငန်းအသုံး ပြုသူများအတွက်သာ အသုံးပြုနိုင် မည့် ဗားရှင်းဖြစ်ကြောင်း သိရသည်။

 

ကိုစိုး

ကိုးကား-The verge