ဟားခါးမြို့၏ ထင်ရှားသော သမိုင်းဝင်တော်လှန်ရေး ရေကန်

ဆလိုင်းဒေးဗစ်

 

၁၉၁၄ ခုနှစ်မှစ၍ ပထမကမ္ဘာစစ်ကြီး စတင်လာသည့်အခါ ဗြိတိသျှအစိုးရသည် ထိုစစ်ကြီးတွင် ပါဝင်လာသည်။ မိမိရန်သူများ၏ ရပ်ခြားတိုင်းပြည်သို့ စစ်မှုထမ်းရန် ဗြိတိသျှအစိုးရသည် ချင်းစစ်သား စုဆောင်းနေကြကြောင်း (တီးတိန်၊ ဖလမ်းမြို့နယ်များတွင်)၊ စစ်မှုထမ်းလိုသူ စာရင်းကောက်ယူခြင်း ဖြစ်သော်လည်း ဟားခါးမြို့နယ် နယ်ပိုင်ဝန်ထောက် Fisher သည် တစ်အိမ်ထောင်လျှင် ယောက်ျားတစ်ဦးစီနှုန်းဖြင့် စစ်မှုထမ်းရန်အတွက် စာရင်းကောက်ယူကြောင်း သတင်းပျံ့နှံ့လာသည်။ ။

 

ထိုအချိန်တွင် ဟားခါးနယ်စားများဖြစ်သော နယ်စားရွှေလိန်းနှင့် ညီနယ်စား ဗန်မန်းတို့အား နယ်ပိုင်ဝန်ထောက်က ၎င်းညီအစ်ကို မွေးမြူထားသော နွားနောက်များသည် မြို့တွင်းလမ်းမများကို ပျက်စီးစေသည်ဟု အကြောင်းပြကာ ထောင်သွင်းအကျဉ်းချထားလိုက်သည်။ ယင်းသတင်းများအား ဟားခါးမြို့နယ် အစွန်အဖျား (မာရမ်၊ ဇိုတုန်) အထိပျံ့နှံ့၍ ကြားသိလာသောအခါ စိတ်မချမ်းမသာ ဖြစ်ကြပြီး မီးခဲပြာဖုံးအခံရှိသူများအတွက်မူ ဒေါသထွက်စရာ ဖြစ်လာတော့သည်။

 

ဗြိတိသျှနှင့် စစ်ဖြစ်နေသော ဂျာမနီသည် ငါတို့နှင့်မဆိုင် ရန်သူလည်း မဟုတ်ချေ။ ရှုံးသည်ဖြစ်စေ၊ နိုင်သည်ဖြစ်စေ ငါတို့နှင့်မပတ်သက်ချေ။ ငါတို့သည် ပင်လယ်ရပ်ခြား တိုင်းတစ်ပါးသို့ စစ်မတိုက်လို။ ဆွေမရှိ၊ မျိုးမရှိသော ထိုနိုင်ငံသို့ အသက်စွန့်၍မသွားလို။ သေလျှင်လည်း ကိုယ့်ရပ်၊ ကိုယ့်ဇာတိ၌သာ သေမည်။ ဗြိတိသျှတို့အား တွန်းလှန်တိုက်ထုတ်ခြင်းသာလျှင် ပြဿနာဖြေရှင်းနည်း ဖြစ်သည်ဟု မျိုးချစ်ခေါင်းဆောင်များက ယူဆလာကြသည်။ ဟားခါး အကျဉ်းထောင်တွင် အကျဉ်းကျခံနေရသော နယ်စားဗန်မန်းလည်း မခံမရပ်နိုင်ဖြစ်ပြီး သူ့ဇနီးဒေါ်တီလ်နောင် လာရောက်တွေ့ဆုံသည့်အခါ အင်္ဂလိပ်အစိုးရကို တော်လှန်ပြီးမောင်းထုတ်မှသာ နိုင်ငံခြားသို့ စစ်မှုထမ်းရမည့်ဘေးမှ လွတ်မြောက်နိုင်မည့်အကြောင်း ဆွေးနွေးတိုင်ပင်ပြီး ဇနီးအား ညွှန်ကြားလိုက်သည်။ ဒေါ်တီလ်နောန်လည်း အရှေ့ဘက်ကျေးရွာများကို လွှတ်၍ စည်ရုံးစေသည်။ ထို့အတူ နယ်စားလျန်မိုနှင့် သူ့ညီမကိမ်မှုန်ကလည်း အနောက်ဘက် ကျေးရွာများဖြစ်သော ကြောင်ထီးယား၊ ဘန်လုံး၊ ဒေါင်ဗား၊ ဗိုင်ဗား ကျေးရွာများသို့ သွားရောက်စည်းရုံးထားသည်။ ချင်းထုံးစံအရ သစ္စာရေတိုက်ပွဲများ ပြုလုပ်ကြသည်။ ထန်အော်ရွာနယ်စား ဦးထောင်လိန်း ဦးဆောင်မှုဖြင့် လာအိုတူ၊ မာရမ်၊ ဇိုတုန် စသော ကျေးရွာများကလည်း နွနောက်တစ်ကောင်သတ်ကာ အတူအကွသစ္စာဆိုပြီး စားသောက်ပွဲများ ကျင်းပသည်။ ဆတ္တာနယ်စား ဦးရာလ်ဒွန်းသည် မိမိတာဝန်ယူထားသည့် ကျေးရွာများတွင် စည်းရုံး၍ မျက်နှာဖြူများကို တစ်ယောက်မကျန် မောင်းထုတ်ရန်နှင့် ကိုယ့်မင်းကိုယ့်ချင်း အုပ်ချုပ်ရေးစနစ် ပြန်လည်ထူထောင်ရန် ဆုံးဖြတ်စေခဲ့သည်။

 

ဆန်တဲမျိုးနွယ်နယ်စား ဦးဗန်မန်း၏အကျဉ်းထောင်မှ တော်လှန်ရေးမျိုးစေ့ ချမှုမှာ ဟားခါးမြို့နယ် တစ်မြို့နယ်လုံး လျင်မြန်စွာပျံ့နှံ့နိုင်ခြင်းသည် ဇနီးဒေါ်တီလ်နာန်၏ ဇွဲ၊ လုံ့လ၊ သတ္တိရှိမှုနှင့် ရဲရင့်စွာ အားမာန်တက် စည်းရုံးဆောင်ရွက်ခြင်းကြောင့်ဖြစ်ပြီး တော်လှန်သူပုန်ထရန် အဆင်သင့် ဖြစ်စေခဲ့သည်။

 

ဆတ္တာကျေးရွာတွင် လျှို့ဝှက်အစည်းအဝေးပြုလုပ်ခဲ့ပြီး အစည်းအဝေး တက်ရောက်သူ ၁၃ ဦးနှင့် ခေါင်းဆောင်များမှာ ဆန်တဲနယ်စား ဦးဗန်မန်းဇနီး ဒေါ်တီလ်နာန်၊ ဆတ္တာနယ်စား ဦးရာလ်ဒွန်း၊ ဇိုခွါး ရှာခဲလ်မျိုးနွယ်စုခေါင်းဆောင် ဦးခါရ်မန်း (စာပေတတ်မြောက်၍ အစည်းအဝေးမှတ်တမ်းတင်သူ)၊ ဟားခါး ဖာရွန်ကျေးရွာမှ ဟရဲန်အာရ်တို့တက်ရောက်ကြပြီး အင်္ဂလိပ်သည် ကျွန်ုပ်တို့၏ ရန်သူဖြစ်၍ တိုက်ထုတ်ရမည်။ ဂျာမနီသည် ကျွန်ုပ်တို့၏ ရန်သူမဟုတ်ချေ။ အင်္ဂလိပ်၏ ရန်သူသာဖြစ်၍ တိုက်ထုတ်ရန်မလို၊ ကျွန်ုပ်တို့နှင့် မပတ်သက်ချေ။ ကျွန်ုပ်တို့နယ်မြေမှ တစ်ယောက်မကျန် မောင်းထုတ်မည်။ ဖလမ်းနှင့် ဟားခါးကြား ဆက်သွယ်ထားသော ကြေးနန်းကြိုးဖြတ်တောက်ရန်နှင့် ဗာထိုင်းဗိုလ်တဲကို မီးရှို့ဖျက်ဆီးရန်၊ ဆင်ထန်း၊ ဇိုဖေ၊ လာအိုတူ မာရမ် အားလုံး ဟားခါးသို့ချီတက်ရန်နှင့် ရောက်ရှိကြောင်း သေနတ်ပစ်ဖောက်ရန်၊ သေနတ်သံကြားသည်နှင့် ချက်ချင်း အလုံးအရင်းဖြင့် ချီတက်တိုက်ခိုက်ရန်၊ ဟားခါးမြို့ဟောင်းမှ စာသင်ကျောင်းကို မီးရှို့ရန်၊ မီးငြိမ်းသတ်ရန် ပြေးဆင်းလာသည့် အချိန်တွင် ဇိုခွါဘက်မှ တစ်ပြိုင်နက် တိုက်ထုတ်ရန်။

 

၁၈၉၉ ခုနှစ် မတ်လ ၁၅ ရက်နေ့မှစ၍ အမေရိကန်သာသနာပြုလုပ်ငန်း ဆောင်ရွက်နေသော မစ္စတာခါဆင် (ကွယ်လွန်) ၏ဇနီး မစ္စခါဆင်သည် ဒေါက်တာခုပ်နှင့် လက်တွဲပြီး စာသင်ကျောင်းများ၊ ဆေးရုံများတည်ဆောက်ပေး၍ ချင်းလူမျိုးဘဝမြှင့်တင်ရေး ဆောင်ရွက်ပေးနေသည့်အချိန်ဖြစ်သည်။ မစ္စလာခါဆင်သည် ချင်းလူထု၏ ကြည်ညိုလေးစားသော အမျိုးသမီးကြီး ဖြစ်သည်။ ဟားခါးမြို့ပေါ်သာမက လုပ်ခလစာပေးကာ စာသင်ကျောင်းများ ဖွင့်လှစ်ပေးခဲ့သည်။ ဟားခါးနယ်မှ ပထမယုံကြည်သူ (၁၉၀၆ ခုနှစ်) ဆရာရှာခေါသည် ကျောင်းဆရာတာဝန် ထမ်းဆောင်နေသည့် အချိန်ဖြစ်သည်။ ဆတ္တာ ရွာသူရွာသားများ ရွာမှထွက်ပြီး တစ်နှစ်စာ ရိက္ခာသယ်ဆောင်သွားသည်ကို ကိုယ်တွေ့မျက်မြင်သိရှိသူ ဆရာရှာခေါ်သည် ဆရာမလောရာခါဆင်အတွက် စိုးရိမ်ပူပန်မိလေသည်။ ။

 

ရိက္ခာပြတ်လပ်ပြီးဖြစ်၍ ခွင့်တောင်းရာတွင် လုံခြုံရေးအစောင့် နှစ်ယောက်နှင့် ဟားခါးသို့ အတူသွားခွင့်ပြုသည်။ ဆရာမလောရာခါဆင်သည် မိမိထံရောက်လာသော ဆရာရှာခေါ၏ မျက်နှာအမူအရာများကို ရိပ်မိသဖြင့် ဆရာမလောရာခါဆင်အား ဆရာရှာခေါက ပြောပြခဲ့သည်။ သာသနာပြု ဒေါက်တာခုပ်သည် ဗြိတိသျှစစ်တပ် အကြီးအကဲထံသို့ သတင်းပို့သော်လည်း လုံးဝမယုံခဲ့ချေ။ ချင်းအမျိုးသား တော်လှန်ရေးတပ်သား ၅၀၀ ခန့် အမှန်တကယ် ဟားခါးသို့ဦးတည်ကာ ချီတက်ရန်ရှိကြောင်း၊ လမ်းခုလတ်တွင် ဆရာရှာခေါက စည်းရုံးသိမ်းသွင်းပြီး ပြန်လှည့်စေခဲ့ကြောင်းလည်း သိရှိလေသည်။

 

ဗြိတိသျှအရာရှိ အငြိမ်းစားတစ်ဦး ဗိုလ်မှူးနယူးလဲန်အား ယောက်ဖတော်သူ ဦးခဲန်နာန်က သတင်းပေးခြင်းကြောင့် ပုန်ကန်ရန် အစီအစဉ်တကယ်ရှိကြောင်း အင်္ဂလိပ်များက ယုံကြည်လာကြသည်။

 

Major Burne နှင့် တပ်သား ၁၅၀ အား ကလေးဝမှ ချင်းတောင်ဖလမ်းသို့ အမြန်ချီတက်ရန် အမိန့်ထုတ်လိုက်သည်။ အာသန်ပြည်နယ်မင်းကြီးက စစ်သား ၂၀၀ အား ဟားခါးသို့ ချီတက်ရန် အသင့်ပြင်ဆင်ခိုင်းသည်။ ဗိုလ် Folkland နှင့် တပ်သား ၁၅၀ သည် Aizawl မှတစ်ဆင့် ဖလမ်းသို့ ချီတက်စေသည်။ ဗိုလ် Mottifiore နှင့် တပ်သား ၁၅ဝ လည်း စစ်တကောင်းမှ ဟားခါးသို့ ချီတက်လာကြောင်း အကြောင်းကြားခဲ့သည်။ ကြေးနန်းနှင့်စာဖြင့် ရေးသားပေးပို့သည့် အကြိမ်ပေါင်း ၁၂ဝ မက ရှိခဲ့သည်။

 

တိုက်ပွဲစတင်ရန် မူလသတ်မှတ်ရက်သည် ၁၉၁၇ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့ဖြစ်သည်။ ဟားခါးမြို့ အနောက်ဘက် ကျောဘုတ်ရပ်ကွက် (Buang) အရပ်ဒေသတွင် နွားမွေးမြူပြီး အသက်မွေးဝမ်းကျောင်းပြု၍ အတည်တကျ နေထိုင်သည့် ကုလားလူမျိုးများအား မျက်နှာဖြူများ၏ ဘက်တော်သားဟု ထင်မြင်ယူဆကြသည်။ ၁၉၁၇ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ကုလားများ မသိဘဲ နွားများကို အတင်းအဓမ္မမောင်းထုတ်လာပြီး သေနတ်ပါပစ်ဖောက်ကာ ဟားခါးသို့ ဦးတည်ချီတက်လာသည်။ တပ်စခန်းကို စတင်ပစ်ခတ်ခြင်းဖြစ်သည်။ အင်အား ၄၀၀ ခန့်ဖြင့် တပ်စခန်းကို စတင်ပစ်ခတ်လေသည်။

 

ထိုသို့ပစ်ခတ်သံများ ကြားသိရသည့် အခါ နှီရ်လျောန်းရွာသားများသည်လည်း ဗာထိုင်တဲကို မီးရှို့ ဖျက်ဆီးပြီး အစောင့်ကိုလည်း သတ်ဖြတ်ခဲ့သည်။ ဖလမ်းနှင့် ဟားခါးကြား ကြေးနန်းကြိုးများကို ဖြတ်တောက်နိုင်ခဲ့သည်။ ကလေးဝမှ ဖလမ်းမြို့သို့ ရောက်လာသော ဗိုလ်ကြီးဗန်း (Captain Burne) သည် သတင်းကြားသည်နှင့် စစ်ဗိုလ်လေးဦးနှင့် တပ်သား ၃၆၈ ဦး ဦးဆောင်ပြီး ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ညတွင်းချင်း ဟားခါးသို့ အပြင်းချီတက်လာသည်။ M.J Burne တပ်သားတစ်ဦးကျပြီး နှစ်ဦး ဒဏ်ရာရခဲ့သည်။ Fisher တပ်သား သုံးဦး ဒဏ်ရာရပြီး တော်လှန်ရေးတပ်သားတစ်ဦး ကျဆုံးသည်။ တော်လှန်ရေး တပ်သားများသည် မည်သို့ပင်ခုခံမှုပြုလုပ်သော်လည်း လက်နက်အင်အား ဖွဲ့စည်းပုံမှအစ အလွန်ကွာခြားခြင်းကြောင့် အောင်မြင်မှုမရရှိကြချေ။ ဟားခါးမြို့၏ အရှေ့ဘက်ရွာများဖြစ်ကြသော မှီရ်လျောန်း၊ နာဘောလ်၊ ခွါဘဲတို့ကို မီးရှို့ဖျက်ဆီးသည်။ စည်းရုံး၍မရသောရွာများကို မီးရှို့ ဖျက်ဆီးခြင်းဖြင့် ဒဏ်ခတ် အပစ်ပေးသည်။ ဆတ္တာကျေးရွာသည် တော်လှန်ရေးတပ်သားများ၏ အစည်းအဝေးကျင်းပရာ ဖြစ်သောကြောင့် တစ်ရွာလုံးမီးရှို့ပြီးသာမက စပါးကျီများ၊ သီးစားပင်များပါမကျန် ခုတ်လှဲပြီး မီးရှို့ ဖျက်ဆီးခဲ့သည်။ ရေတွင်းများကိုလည်း မြေဖို့စေသည်။ ဆတ္တာမှတစ်ဆင့် လက်နက်ချ အဖမ်းခံရန်နှင့် မိသားစုများကို အကျပ်ကိုင်ပြီး အတင်းအဓမ္မ အလင်းဝင်ခိုင်းခြင်းဖြင့် တော်လှန်ရေးမီးကို ငြိမ်းသတ်သည်။

 

၁၉၂၁ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့ ရောက်သောအခါ ချင်းတော်လှန်ရေး သမားများသည် မိသားစုများ ဆင်းရဲဒုက္ခရောက်မည်ကို မရှုစိမ့်သောကြောင့် လက်နက်ချ အလင်းဝင်ရောက်သူများရှိသလို အဖမ်းခံရသည့် ၇၉ ယောက်အား ဟားခါး၊ ဖလမ်း၊ တီးတိန်၊ တောင်ကြီး၊ မင်းခြံ စသည့် အကျဉ်းထောင်များသို့ သီးခြားစီခွဲ၍ ထောင်သွင်းအကျဉ်းချလိုက်သည်။

 

ဆတ္တာတော်လှန်ရေးသူရဲကောင်း Ral Dum နှင့် Ral Bawi 3aculazol နောက်လိုက်များသည် ၁၉၂၃ ခုနှစ် ဇူလိုင်လအထိ လာရောက်အဖမ်းခံခြင်း မရှိသေးကြောင်း မှတ်တမ်းတွင် ကျန်ရစ်ခဲ့သည်။ ဟားခါးနယ်မှ ရွာသူ ရွာသားများနှင့် ရွာခေါင်းဆောင်လူကြီးများအား ကလေးဝမြို့တွင် မိမိစရိတ်ဖြင့် လမ်းတံတား သံကြိုးသယ်ခိုင်းခြင်း၊ ဟားခါးမြို့ စစ်တပ်ဌာနချုပ်အနီး၌ ရေထွက် ချိုင့်ဝှမ်းနေရာကို ရေကန်အဖြစ် တူးဖော်တည်ဆောက်ခြင်းတို့ ပြုလုပ်စေသည်။ ဖျာများရက်လုပ်ခိုင်းပြီး ရေများကို ကာရံကာ မြေစာများဖို့ခိုင်းသည်။ ရေကန်အနီးရှိ ကုန်းမြေကိုတူးချခိုင်းပြီး ကန်ပေါင်အနေဖြင့် အိုဆန်ငါးချောင်းကို ပိတ်ဆို့စေသည်။ ပေ ၅၀၀ ပတ်လည်လောက် ကျယ်ဝန်းသောရေကန်ကြီးနှင့် ဘေးနားတွင် ဘောလုံးကွင်း တစ်ကွင်းစာလောက် ကျယ်သော အားကစားကွင်း (ယခု မြို့နယ်တရားရုံး၊ အခွန်ရုံးနှင့် စာရင်းစစ်ရုံးတည်ရှိရာနေရာ) ပေါ်လာလေသည်။ ဤရေကန်သည် တော်လှန်ရေးရေကန်အဖြစ် လည်းကောင်း၊ ဘောလုံး ကွင်းသည် တော်လှန်ရေးအားကစားကွင်းဟု လည်းကောင်း သမိုင်းဝင် အမည်တွင်လာတော့သည်။

 

တိုက်ပွဲဝင်၍ အသက်ပေးခဲ့သူ (သို့မဟုတ်) အကျဉ်းချခံနေရသော ရဲဘော် အာဇာနည်များအား တော်လှန်ရေးကျောက်တိုင်တွင် နာမည်ကမ္ပည်းထိုးခဲ့သော ရဲဘော် ၂၇ ဦးဖြင့် အားလုံးကိုယ်စား သမိုင်းဝင်မှတ်တမ်းတင်ထားသည်။

 

၂၀၁၅ ခုနှစ် ဩဂုတ်လ ရုန်းတောင်မြေပြိုရာတွင် ဤကျောက်တိုင်လည်း ပျောက်ကွယ် ပျက်စီးလေသည်။ ယခုအခါ တော်လှန်ရေးရေကန်အား ပြည်နယ် စည်ပင်သာယာရေးအဖွဲ့က ပြုပြင်ထိန်းသိမ်းလျက် ရှိပါသည်။ တော်လှန်ရေး ရေကန်တွင် တော်လှန်ရေးပန်းခြံ ပြုလုပ်ထားပါသည်။ ရေကန်ပေါ်ရှိ ကုန်းမြေပေါ်တွင် အပန်းဖြေရန်နေရာများ၊ အလှပန်းပင်များ စိုက်ပျိုးထားရှိပါသည်။ အနယ်နယ်အရပ်ရပ်မှ ဧည့်သည်များ၊ ဒေသခံပြည်သူများ လာရောက်အပန်းဖြေကြပါသည်။ နှစ်လရာသီ အချိန်များ ပြောင်းလဲနေပါစေ၊ နယ်ချဲ့ တို့ကိုတော်လှန်ခဲ့သော မျိုးချစ်ချင်းတိုင်းရင်းသား ဘိုးဘွားများ၏ ဇာတိမာန်ပုံရိပ်များကား တော်လှန်ရေးရေကန်နှင့်အတူ သမိုင်းဝင် တည်ရှိနေမည်သာ ဖြစ်ပါတော့သည်။

 

ကိုးကား - ဟားခါးမြို့သား မန္တလေးတက္ကသိုလ် ကျောင်းသားဟောင်းများမဂ္ဂဇင်း