ဟိုင်းကြီးကျွန်းတွင် ငါးဖမ်းရေယာဉ်တစ်စင်းနှင့် ငါးသယ်ယူသည့်ရေယာဉ်တစ်စင်း မီးလောင်

ဟိုင်းကြီးကျွန်း ၄ မတ်  

 

ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၊ အမှတ်(၃)ရပ်ကွက်၊ ပမ္မဝတီလမ်းတွင် မတ် ၃ ရက်နေ့ ညနေ ၇ နာရီခန့်က ဦးကြည်မိုး၏ အလုပ်ရုံဆိပ်ကမ်းတွင် ဆိပ်ကပ်ထားသော ငါးဖမ်းရေယာဉ်တစ်စင်းနှင့် ငါးသယ်ယူသည့်ရေယာဉ်တစ်စီး မီးပေါ့ဆရာကတစ်ဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ဒေသခံများ၊ ပမ္မဝတီရေတပ်စခန်းဌာနချုပ်မှ ဌာနချုပ်မှူးနှင့် အရာရှိစစ်သည်များပါဝင်သော မီးသတ်ကားအဖွဲ့နှင့် ဟိုင်းကြီးကျွန်းမြို့၊ မီးသတ်ဦးစီးဌာနမှ မီးသတ်ဝန်ထမ်းများ၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၏ ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် ည ၉ နာရီခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရှိရသည်။

 

မီးလောင်ကျွမ်းခဲ့သောရေယာဉ်နှစ်စင်းမှာ ဟိုင်းကြီးကျွန်းမြို့၊ အမှတ်(၁)ရပ်ကွက်နေ ဒေသခံဦးကြည်မိုး ပိုင်ဆိုင်သည့် သစ်သားကိုယ်ထည် အလျား ၂၉ ပေ၊ အနံ ၁၃ ပေ၊ ရေစူး ၅ ပေ၊ ၄၁၀၂ နံပတ်ပါ တရုတ်အင်ဂျင် လေးလုံးထိုးတပ်ဆင်ထားသည့် ရန်မျိုးအောင် အမည်ရှိ ငါးသယ်ယူသည့် ရေယာဉ်(ငါးကဲ့လှေ) နှင့် မြိတ်မြို့၊ ကမ်းနားလမ်းနေ ဦးတင်ဘီး ပိုင်ဆိုင်သည့် သစ်သားကိုယ်ထည် အလျား ၇၂ ပေ၊ အနံ ၁၈ ပေ၊ ရေစူး ၈ ပေ၊ EK- 6 အင်ဂျင်တပ်ဆင်ထားသည့် ဖြိုးကျော်ကျော်(၉) မြုံးငါးဖမ်းရေယာဉ် တို့ဖြစ်ကြောင်း သိရှိရသည်။

 

အဆိုပါမီးလောင်မှုဖြစ်စဉ်တွင် ဖြိုးကျော်ကျော်(၉) မြုံးငါးဖမ်းရေယာဉ်၏ အစောင့်ဖြစ်သူက သောက်လက်စ ဆေးလိပ်တိုကို ၎င်းရေယာဉ်စက်ခန်း၏ အနောက်ဘက်တွင်ရှိသော ဂက်(စ်)အိုးများ အနီးတွင် ပေါ့ဆပြီးထားခဲ့ကာ ရန်မျိုးအောင်ရေယာဉ်မှ အစောင့်ဖြစ်သူနှင့်အတူ ရပ်ကွက်အတွင်းသွားလာနေစဉ် ဂက်(စ်)အိုးပေါက်ကွဲပြီး မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

 

မီးလောင်မှုကြောင့် ရန်မျိုးအောင် ငါးသယ်ရေယာဉ်မှာ ရေယာဉ်တစ်စင်းလုံးမီးလောင်ကျွမ်းသွားခဲ့ပြီး ဖြိုးကျော်ကျော်(၉) မြုံးငါးဖမ်းရေယာဉ်မှာ အမိုးများအားလုံးနှင့် ရေယာဉ်ကိုယ်ထည် တချို့မီးလောင်ကျွမ်းခဲ့ကာ လူထိခိုက်မှုမရှိကြောင်းသိရှိရသည်။ ဖြစ်စဉ်ကြောင့် အစောင့်ဖြစ်သူ ကျော်သူလွင်အား ဟိုင်းကြီးကျွန်းနယ်မြေရဲစခန်းတွင် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

ကျော်သူဟိန်း(ဟိုင်းကြီးကျွန်း)