ဟိုပုံးမြို့နယ် ညောင်ဝိုင်းကျေးရွာတွင် အခြေခံ မော်တော်ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်းသင်တန်း ဖွင့်

 
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဟိုပုံးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဟိုပုံးမြို့နယ် ကျေးလက်ဒေသအတွင်းရှိ ပညာရေး ဆုံးခန်းတိုင်အောင် မသင်ကြားခဲ့ရသော လူငယ်များအတွက် အသက်မွေးဝမ်းကျောင်းအတတ်ပညာ တစ်ခုရရှိစေရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်၊ စနစ်တကျပြုပြင်ဆောင်ရွက်နိုင်သော ကျွမ်းကျင် လုပ်သားများရရှိစေရန်နှင့် တစ်ဦးချင်း ဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်၍ အခြေခံ မော်တော်ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်းသင်တန်းကို ယနေ့ နံနက်ပိုင်းက တိလုံကျေးရွာအုပ်စု၊ ညောင်ဝိုင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်သည်။
သင်တန်းတွင် ဟိုပုံးမြို့နယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခွန်မောင်ဖြူက အဖွင့်အမှာစကား ပြောကြားပြီး တောင်ကြီးခရိုင်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးရန်မျိုးနိုင်နှင့် ဟိုပုံးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်တို့က သင်ထောက်ကူပစ္စည်းများ ပေးအပ်ရာ သင်တန်းသားများက လက်ခံရယူကြသည်။
အဆိုပါ သင်တန်းကို ဒီဇင်ဘာ ၁၁ရက်မှ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့ထိ တစ်လကြာ သင်တန်းဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းတွင် ဆိုင်ကယ် အစိတ်အပိုင်း အလုပ်လုပ်ပုံ၊ ကာဘရိုက်တာ အလုပ်လုပ်ပုံနှင့် ပါဝင်သောအစိတ်အပိုင်းများ၊ အင်ဂျင်ဟက်နှင့် အင်ဂျင်ဘလောက် အလုပ်လုပ်ပုံ၊ အင်ဂျင်ကလပ်အုံခြမ်းနှင်သံလိုက်အုံ အလုပ်လုပ်ပုံ၊ ဂီယာဘောက်နှင့် အားအဆင့်ဆင့်ပေးပို့ပုံနှင့် ဝါယာရိန်း အဆက်အသွယ်များနှင့် မီးပေးခြင်းတို့ကို သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသို့ ကန္နရားကျေးရွာ၊ နောင်ယွန်းကျေးရွာ၊ ဟွေးလုံကျေးရွာ၊ ဟိုဟွေ့ကျေးရွာ၊ နောင်ကွန်ကျေးရွာ၊ ဆိုက်ခေါင်ကျေးရွာနှင့် ညောင်ဝိုင်းကျေးရွာ တို့မှ ဒေသခံလူငယ်၂၀ တက်ရောက် သင်ကြားမည်ဖြစ်ကြောင်း သိရသည်။
 
ထက်ထက်(ဟိုပုံး)