ဟိုပုံးမြို့နယ်၌ ပထမ(၁၀)နှစ် အင်းလေးကန် ရေဝေရေလဲထိန်းသိမ်းရေးစီမံကိန်း ဆက်စပ်ဌာနများနှင့် စီမံကိန်းဖြစ်နိုင်ခြေများ စေ့စပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

ဟိုပုံး၊ ၁၂ ဇန်နဝါရီ

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌  အင်းလေးကန် ရေဝေရေလဲ ထိန်းသိမ်းရေးစီမံကိန်း၊ (၂၀၂၀-၂၀၂၁ခုနှစ်မှ ၂၀၂၉-၂၀၃၀ ခုနှစ်အထိ) ပထမ(၁၀)နှစ် ဆက်စပ်ဌာနနှင့် စီမံကိန်း လျာထား စေ့စပ်ညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ  ၁၂  ရက် နံနက် ၉ နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ဟိုပုံးမြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးအောင်မျိုးခိုင်က အင်းလေးကန်၏ ရေဝေရေလဲထိန်းသိမ်းရေးစီမံကိန်း ဧရိယာ ၂၁၆၆ စတုရန်းမိုင်ခန့်ရှိပြီး အင်းလေးကန်၏ အဓိက ရေဝရေလဲ ဒေသများဖြစ်သည့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ကလောမြို့နယ်၊ ပင်းတယမြို့နယ်၊ ရပ်စောက်မြို့နယ်၊ ရွာငံမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်၊ ဖယ်ခုံမြို့နယ်နှင့် ဟိုပုံးမြို့နယ်တို့တွင်  အင်းလေးကန်ဒေသ သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သည့် လူမှုစီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုတစ်ရပ် ဖော်ဆောင်နိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင်အမွေ လက်ဆင့်ကမ်းထိန်းသိမ်းနိုင်ရန်၊ ဒေသခံတိုင်းရင်းသားတို့၏ စာပေနှင့် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ၊ ရှေးဟောင်းစေတီပုထိုးများနှင့် ရှေိးဟောင်း အဆောက် အအုံများ ထိန်းသိမ်းခြင်းနှင့် စနစ်တကျ ပူးပေါင်းစီမံအုပ်ချုပ်မှု စနစ်ကောင်းတစ်ခု ထူထောင်ရရှိရန်၊ သဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်မြှင့်တင်ရန်၊ အင်းလေး ကန်ဒေသ ရေရှည်တည်တံ့ပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် လူစွမ်းအားအရင်းအမြစ်စွမ်းဆောင် ရည်မြင့်မားလာစေရန်၊ အင်းလေးကန်ဒေသ စီမံကိန်းအုပ်ချုပ်လုပ်ကိုင်မှုကို သီးခြားလွတ်လပ်သည့် အုပ်ချုပ်ရေးအဖွဲ့အဖြစ် ဖွဲ့စည်းဆောင်ရွက်ရန်စသည်တို့ကိုရှင်းလင်းပြောကြားခဲ့သည်။

 

ဆက်လက်၍ တက်ရောက်လာသည့် ဆက်စပ်ဌာနဆိုင်ရာများမှ အင်းလေးကန်ဒေသ ရေဝေရေလဲဒေသ ထိန်းသိမ်းရေးနှင့်ပတ်သက်သည့် ဖြည့်စွက်ဆောက်ရွက်လိုသည့် လုပ်ငန်းများအား ညှိနှိုင်းဆွေးနွေးခဲ့ကြ ကြောင်းသိရသည်။

 

ခရိုင်(ပြန်/ဆက်)