ဟိုပုံးမြို့နယ်တွင် ထောပတ်သီးသန့်စင် ထုပ်ပိုးသည့်စက်ရုံ တည်ဆောက်နေ 

ပြင်ဦးလွင် ဇူလိုင် ၂၀

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့နယ်တွင် ထောပတ်သီးသန့်စင် ထုပ်ပိုးသည့်စက်ရုံကို လာမည့် ထောပတ်သီးရာသီအမီ တည်ဆောက်လျက်ရှိရာ လက်ရှိတည်ဆောက်ပြီးစီးမှုသည် ၆၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

မြန်မာနိုင်ငံတွင် ထောပတ်သီးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပထမဆုံးတည်ဆောက်နေသည့် ထောပတ်သီးသန့်စင် ထုပ်ပိုးသည့်စက်ရုံကို ကုန်ကျငွေ ကျပ်သိန်းပေါင်း ၃ဝ၀၀၀ ကျော် ကုန်ကျခံပြီး လာမည့် ထောပတ်သီးရာသီအမီ ကြိုးစားတည်ဆောက်လျက်ရှိကြောင်း၊ လက်ရှိတည်ဆောက်ပြီးစီးမှုသည် အဆောက်အဦပိုင်းနှင့် မီးသွယ်တန်းခြင်းလုပ်ငန်းများ ပြီးစီးနေပြီဖြစ်ကာ ရာခိုင်နှုန်းအနေဖြင့် ၆၀ ရာခိုင်နှုန်း တည်ဆောက်ပြီးဖြစ်ကြောင်း သိရသည်။

 

“ထောပတ်သီးသန့်စင် ထုပ်ပိုးစက်ရုံ တည်ဆောက်နေပါတယ်။ ထောပတ်တောင်သူတွေနဲ့ ပူးပေါင်းပြီးတော့ ကိုဗစ်ရောဂါကာလ မတိုင်မီကနေ တည်ဆောက်ခဲ့တာပါ။ ယခုဆိုရင် ရာခိုင်နှုန်းအနေနဲ့ ၆၀ ရာခိုင်နှုန်း ပြီးနေပါပြီ။ စက်တွေဝယ်ယူဖြည့်သွင်းဖို့ပဲ ကျန်တော့တယ်။ ထောပတ်သီးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဆောင်ရွက်နေတာပါ။ ခုလို တည်ဆောက်တာကလည်း ပြည်ပကို တင်ပို့နိုင်ဖို့ပါ။ ဒီလိုစက်ရုံမျိုးတွေ ထောပတ်သီးစိုက်ပျိုးတဲ့ နေရာတွေမှာရှိဖို့ လိုအပ်ပါတယ်။ ခုလိုစက်ရုံမျိုးတွေရှိပြီဆိုရင် ၂၄ နာရီအတွင်း သန့်စင်ထုပ်ပိုးနိုင်ပြီးတော့ ပြည်ပသို့ပို့မယ့် လမ်းကြောင်းကို ရောက်အောင်တင်ပို့နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် လာမယ့်ထောပတ်သီးရာသီအမီ ကြိုးစားဆောင်ရွက်နေတယ်” ဟု ၎င်းကပြောသည်။  

 

အဆိုပါ စက်ရုံတည်ဆောက်ရခြင်းသည် ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ လက်လှမ်းမီသည့်နေရာများမှ ထောပတ်သီးများကို ယင်းစက်ရုံတွင် သန့်စင်ထုပ်ပိုး၍ ပြည်ပနိုင်ငံများကို တင်ပို့သွားရန်ရည်ရွယ်ပြီး ထောပတ်သီးသန့်စင် ထုပ်ပိုးသည့်စက်ရုံကို တည်ဆောက်နေခြင်း ဖြစ်ကြောင်း၊ စက်ရုံတည်ဆောက်ပြီးပါက ခူးစွတ်သီးများကို သန့်စင်ခြင်း၊ အရွယ်အစားဆိုဒ်ခွဲခြင်း၊ ပါကင်လုပ်ခြင်း စသည့်စနစ်ပိုင်းများပြီးလျှင် ပြည်ပနိုင်ငံများက တောင်းဆိုသည့် ကေဂျီပုံးများအတိုင်း ထုပ်ပိုးကာ ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

မင်းထက်အောင် (မန်းကိုယ်ပွား)