ဟင်္သာတမြို့နယ် ကုန်ရုံလမ်းရှိ  မြန်မာ့မီးရထားဝန်ထမ်းလိုင်းခန်းတွင် မီးလောင်မှုဖြစ်ပွား

ဟင်္သာတ ၂၉  ဖေဖော်ဝါရီ

 

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် ဘုရားကြီးရပ်ကွက် ကုန်ရုံလမ်းရှိ အမှတ်(၉)တိုင်း (ဟင်္သာတ) မြန်မာ့မီးရထား သွားလာပို့ဆောင်ရေး ဝန်ထမ်းလိုင်းခန်းတွင် ဖေဖော်ဝါရီ ၂၉ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၄၀ က မီးလောင်မှုဖြစ်ပွား ကြောင်းသိရသည်။

 

မီးလောင်မှုဖြစ်ပွားရာသို့ ဟင်္သာတခရိုင် မီးသတ်ဦးစီးမှုးဦးစိုးနောင်၏ ကြီးကြပ်မှုဖြင့် ခရိုင်နှင့်မြို့နယ် မီးသတ်ဦးစီးဌာန မီးသတ်တပ်ဖွဲ့များက မီးသတ်ယာဉ်(၅)စီး၊ ရေသယ်ယာဉ်(၄)စီး၊ အထောက်အကူပြုယာဉ် (၁)စီးတို့ဖြင့် လည်းကောင်း၊ ရပ်ကွက်အရန်မီးသတ်တပ်ဖွဲ့များက တပ်ဖွဲ့ပိုင်မီးသတ်စက်များနှင့် လည်းကောင်း၊ ရပ်ကွက်နေပြည်သူ(၂၀ဝ)ခန့်တို့က လည်းကောင်း ဝိုင်းဝန်းပူးပေါင်းငြှိမ်းသတ် မှုတို့ကြောင့် မွန်းလွဲ(၂)နာရီခန့်တွင် မီးငြိမ်းသွားခဲ့သည်။

 

အဆိုပါမီးလောင်မှုကြောင့် အလျားပေ ၁၂၀ ခန့်ရှိ သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ (၆)ခန်းတွဲ နှစ်ထပ်လိုင်းခန်းနှင့် လိုင်းခန်းအတွင်းနေ အိမ်ထောင်စု(၁၀)စုတို့၏ အသုံးအဆောင်ပစ္စည်းများ မီးလောင်ဆုံးရှုံး၍ လူနှင့်တိရစ္ဆာန်ထိခိုက် သေဆုံးမှုမရှိကြောင်း သိရသည်။

 

မီးစတင်လောင်ကျွမ်းရသည့် အကြောင်းအရင်းအား သက်ဆိုင်ရာတာဝန်ရှိသူများက အသေးစိတ်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

ကျော်ကျော်(ပြန်/ဆက်)