ဟံသာဝတီအသင်း ချန်ပီယံမျှော်လင့်ချက်အတွက် နိုင်ပွဲရယူ

ရန်ကုန် ၂၃ စက်တင်ဘာ

၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၈) ပထမနေ့ကို ယနေ့ညနေပိုင်းက ဆက်လက်ကျင်းပရာ ဟံသာဝတီအသင်း ချန်ပီယံမျှော်လင့်ချက်အတွက် နိုင်ပွဲရယူခဲ့သည်။

သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲတွင် ဟံသာဝတီအသင်းက ရတနာပုံအသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ဟံသာဝတီအသင်းသည် ရတနာပုံကို နှစ်ကျော့စလုံးအနိုင်ကစားခဲ့ခြင်းဖြစ်ပြီး ယခုနိုင်ပွဲကြောင့် ချန်ပီယံမျှော်လင့်ဆက်လက်ရှင်သန်ခဲ့သည်။ ဟံသာဝတီအသင်းသည် ဦးဆောင်ဂိုးပေးခဲ့ရသော်လည်း အမှားအယွင်းမရှိ နိုင်ပွဲရယူကာ အမှတ်ပြည့်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ရတနာပုံအသင်းသည် ယခုပွဲအရေးနိမ့်ခဲ့သောကြောင့် အဆင့် (၅) နေရာအတွက် လက်ကျန်နှစ်ပွဲတွင် ရုန်းကန်ရတော့မည်ဖြစ်သည်။

နှစ်သင်းစလုံး အမာခံကစားသမားအစုံအလင်ဖြင့် ပွဲထွက်ခဲ့ပြီး ပွဲအစတွင် ဟံသာဝတီအသင်း ပုံမှန်ခြေစွမ်းမရဖြစ်နေသောကြောင့် ရတနာပုံအသင်း၏ ဖိအားပေးခြင်း ခံခဲ့ရသည်။ ရတနာပုံအသင်းသည် အမှားများနေသည့် ဟံသာဝတီအသင်း နောက်တန်းညာခြမ်းမှ အဓိကတိုက်စစ်ဆင်ခဲ့ပြီး ၃၁ မိနစ်တွင် စည်သူအောင်က ဦးဆောင်ဂိုးသွင်းယူခဲ့သည်။ ဂိုးပေးလိုက်ရသောကြောင့် ဟံသာဝတီအသင်း တိုက်စစ်မြင့်လာပြီး ၃၉ မိနစ်တွင် ချေပဂိုးပြန်ရခဲ့ကာ အီမီကာက သွင်းယူခဲ့သည်။ သရေကျသွားပြီးနောက်ပိုင်း ကစားပုံပိုကောင်းလာသည့် ဟံသာဝတီအသင်းသည် ဒုတိယပိုင်းအစတွင် အနိုင်ဂိုးရရန် ကြိုးပမ်းခဲ့ပြီး တောင်ပံကစားသမား ဟိန်းထက်အောင်က ၄၉၊ ၅၆ မိနစ်တွင် အနိုင်ဂိုးများသွင်းယူခဲ့သည်။ ယင်းနောက်ပိုင်းတွင် ဟံသာဝတီအသင်းက ပွဲကိုထိန်းကစားသွားခဲ့ပြီး အနိုင်သုံးမှတ် ရယူနိုင်ခဲ့သည်။

YUSC ကွင်း၌ ကျင်းပသည့်ပွဲတွင် Southern အသင်းက မကွေးအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ Southern အသင်းသည် ပထမဆုံးနိုင်ပွဲရယူနိုင်ခဲ့ခြင်းဖြစ်ပြီး ၆၇ မိနစ်တွင် အောင်မြတ်သူသွင်းယူသည့်ဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ပဒုမ္မာကွင်း၌ ကျင်းပသည့်ပွဲတွင် စစ်ကိုင်းအသင်းက အားကာသိပ္ပံအသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ စစ်ကိုင်းအသင်းသည် နှစ်ပွဲဆက်အနိုင်ရလဒ်ကြောင့် အဆင့် ၅ နေရာကို မျှော်လင့်နိုင်ခဲ့ပြီး လက်ကျန်နှစ်ပွဲတွင် ဆက်လက်ရုန်းကန်ရမည်ဖြစ်သည်။ စစ်ကိုင်းအသင်းအတွက် ဂိုးများကို ၁၆၊ ၄၇ မိနစ်တွင် ပက်ထရစ်၊ ၃၃ မိနစ်တွင် ဖရိုင်းဒေးတို့က သွင်းယူပြီး အားကာသိပ္ပံအတွက် ချေပဂိုးကို ၇၇ မိနစ်တွင် ကြည်စိုးက သွင်းယူခဲ့သည်။

ဒုတိယနေ့ကို စက်တင်ဘာ ၂၄ ရက် ဆက်လက်ကျင်းပမည်ဖြစ်ပြီး သုဝဏ္ဏကွင်း၌ ရှမ်းယူနိုက်တက်အသင်းနှင့် ဧရာဝတီအသင်း၊ YUSC ကွင်း၌ ရန်ကုန်အသင်းနှင့် ရခိုင်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

သတင်း - ညီမြတ်သော်တာ

ဓာတ်ပုံ - ဖိုးသော်ဇင်