ဟုမ္မလင်း၊ မြိတ်နှင့် တာချီလိတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၁၆ ဇွန်

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဇွန် ၁၅ ရက် နံနက် ၁၁ နာရီခွဲက   ဟုမ္မလင်းမြို့နယ်၊ မန်သက်ကျေးရွာအုပ်စု၊ ကိုးထောင်ကျေးရွာနေ မခင်လှ၏ နေအိမ်ကိုရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၂၆၄ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၄,၁၅၀၊ မြန်မာငွေကျပ် ၁,၁၁၀,၀၀၀ တို့ကို သိမ်းဆည်းရမိခဲ့သည်။

 

အလားတူ ယင်းနေ့ ည ၇ နာရီခွဲက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မြိတ်မြို့၊ တလိုင်းစုရပ်ကွက်၊ ဆိပ်ကမ်းလမ်း၊ အမှတ်(၁) ဆိပ်ခံတံတားအနီးတွင် ဝင်းနိုင် (ခ) ကုလား မောင်းနှင်ပြီး ဇော်မိုးလိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၉၅၀၊ လက်ကိုင်ဖုန်းတစ်လုံးတို့ကို လည်းကောင်း။

 

ထို့အတူ ထိုနေ့ မွန်းတည့် ၁၂ နာရီက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ တာချီလိတ်-မိုင်းဆတ်သွားကားလမ်း၊ မြို့ဝင်ဆိုင်းဘုတ်အနီးတွင် တွေ့ရှိသူ အိုက်ယုံကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၈,၀၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဉပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား