ဟယ်ရီကိန်းကို ပြည်တွင်းပြိုင်ဘက်အသင်းတွေဆီ ရောင်းချမည်မဟုတ်ဟု စပါးအသင်း ပြောကြား

၁၆  ဧပြီ

စပါးအသင်းဟာ တိုက်စစ်မှူး ဟယ်ရီကိန်းကို အခုနှစ် နွေရာသီကာလအတွင်းမှာ အသင်းကနေ ထွက်ခွာခွင့်ပြုဖို့ ရည်ရွယ်ချက်မရှိတဲ့အပြင် ထွက်ခွာခွင့်ပြုခဲ့မယ်ဆိုရင်လည်း ပြည်တွင်းပြိုင်ဘက်အသင်းတွေဆီ ရောင်းချသွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

အသက် ၂၆ နှစ်အရွယ်ရှိ အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်းဟာ ၂၀၁၈ ခုနှစ် ဇွန်လအတွင်းက စပါးအသင်း နဲ့အတူ ခြောက်နှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ် ထပ်တိုးချုပ်ဆိုခဲ့သူလည်းဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့လက စပါးအသင်းကနေ ထွက်ခွာမယ်လို့ ဟယ်ရီကိန်းက ပြောကြားလာတဲ့အတွက် စပါးအသင်းဥက္ကဋ္ဌ ဒန်နီရယ် လီဗိုင်းက ဟယ်ရီကိန်းကို ပြောင်းရွှေ့ကြေးပေါင်သန်း ၂၀၀ နဲ့ ရောင်းချမယ်လို့ဆိုခဲ့တာဖြစ်ပါတယ်။

တိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့အတွက် ပရီမီယာလိဂ်ကလပ်အသင်းအများစု စိတ်ဝင်စားနေပေမယ့် မန်ယူအသင်းကတော့ ကာလရှည်ကြာခေါ်ယူဖို့ စောင့်နေခဲ့တဲ့အသင်းလည်း ဖြစ်ပါတယ်။ ဟယ်ရီကိန်းကို မန်ယူ အသင်း၊ မန်စီးတီးအသင်း၊ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့က ခေါ်ယူဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

လက်ရှိမှာ ဥရောပဘောလုံးအဖွဲ့ချုပ်က ဥရောပ တစ်ဝန်းဘောလုံးပွဲတွေ ယှဉ်ပြိုင်မှု ရပ်ဆိုင်းထားခဲ့တာကြောင့် အပြောင်းအရွှေ့ဈေးကွက်လည်း ပြန်ဖွင့်ဖို့ မသေချာသေးသလို ကလပ်အသင်းအများစုဟာလည်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် ဘဏ္ဍာငွေဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။

အဲဒါကြောင့် စပါးအသင်းဥက္ကဋ္ဌ ဒန်နီရယ်လီဗိုင်းက ဟယ်ရီကိန်းရဲ့ ပြောင်းရွှေ့ကြေးကို ၂၀၁၇ ခုနှစ်က ဘရာဇီးကြယ်ပွင့် နေမာအတွက် ဘာစီလိုနာအသင်းထံကို ပီအက်စ်ဂျီအသင်း ပေးချေလိုက်ရတဲ့ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးပေါင် သန်း ၂၀၀ ဝန်းကျင် လိုချင်တယ်လို့ ဆိုလာတာဖြစ်ပါတယ်။

တိုက်စစ်မှူး ဟယ်ရီကိန်းအနေနဲ့ မန်ယူအသင်းဆီကို ပြောင်းရွှေ့ဖို့ထက် စပိန်လာလီဂါကလပ်အသင်းတွေဖြစ်တဲ့ ဘာစီလိုနာအသင်းနဲ့ ရီးယဲလ်မက်ဒရစ်အသင်းတို့ရဲ့ တရားဝင်ကမ်းလှမ်းလာမှုကို စောင့်မျှော်နေဖွယ် ရှိတယ်လို့လည်း စပါးအသင်းနည်းပြဟောင်း ဟယ်ရီရက်နက်က ပြောကြားခဲ့ပါတယ်။

ငွေကြယ်