ILO Convention - 138 (အငယ်ဆုံးအသက်ပြဋ္ဌာန်းချက်)ဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

နေပြည်တော် ၃၀ ဇူလိုင် 

 

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) တို့ပူးပေါင်း၍ Video Conference ဖြင့် ကျင်းပပြုသည့် ILO Convention - 138 (အငယ်ဆုံးအသက်ပြဋ္ဌာန်းချက်) ဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ (အလုပ်သမားရေးရာဆိုင်ရာ) အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်၊ ညွှန်ကြားရေးမှူးချုပ်များ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ရန်ကုန်ရုံးမှကိုယ်စားလှယ်များ၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ နည်းပညာရပ်လုပ်ငန်းအဖွဲ့ (TWG-CL) အဖွဲ့ဝင်များ၊ အလုပ်ရှင်အဖွဲ့အစည်း၊ အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ INGOs၊ NGOs အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် Youth Policy Affair Group မှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ကြသည်။

 

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ILO Convention-138 အငယ်ဆုံးအသက် ပြဋ္ဌာန်းချက်နှင့်ပတ်သက်ပြီး အသိပညာဗဟုသုတရရှိစေရန်နှင့် အဆိုပါပြဋ္ဌာန်းချက်ကို အထောက်အကူပြုနိုင်ရန်နှင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်သည့်ပုဂ္ဂိုလ်များ အားလုံးကို စွမ်းဆောင်ရည်မြှင့်တင်ပေးမှုနှင့် အသိပညာများ ဖြန့်ဝေပေးမည်ဟု နားလည်ထားပြီး လုပ်ဆောင်သင့်သည့် လုပ်ငန်းတစ်ရပ်ဖြစ်ပါကြောင်း၊ အငယ်ဆုံး အသက်ပြဋ္ဌာန်းချက်နှင့် ပတ်သက်၍ ဝန်ကြီးဌာနမှ တာဝန်ရှိသူများကိုယ်တိုင် အသေးစိတ်လေ့လာ၍ အခြားနိုင်ငံများ၏ အတွေ့အကြုံများနှင့် မိမိတို့နိုင်ငံ၏ ပကတိအခြေအနေများ ထင်ဟပ်စေရန် အကြိမ်ကြိမ်စဉ်းစားပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ သို့ရာတွင် မိမိတို့နိုင်ငံအနေဖြင့် အဆိုပါ ပြဋ္ဌာန်းချက်ကို လက်မှတ်မရေးထိုးမီအချိန်တွင် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီကို နိုင်ငံတော် ဒုတိယသမ္မတ(၁)ဦးစီး၍ ဗဟိုကော်မတီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကော်မတီအဆင့်ဆင့်ဖွဲ့စည်း၍ (၅)နှစ်စီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော် အစိုးရအနေဖြင့် အဓမ္မခိုင်းစေမှုနှင့် ကလေးအလုပ်သမား ပပျောက်ရေးဆောင်ရွက်ချက်များသည် အငယ်ဆုံးအသက်ပြဋ္ဌာန်းချက်များကို အထောက်အကူပြုသည့် လုပ်ငန်းရပ်များ ဖြစ်ပါကြောင်း။ 

 

မြန်မာနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ILO သို့ ၁၉၄၈ ခုနှစ်မှစတင်၍ ဝင်ရောက်ခဲ့ပြီး လက်ရှိကာလတွင် ILO ပြဋ္ဌာန်းချက် ၁၈ ခုကို မြန်မာနိုင်ငံမှ လက်ခံကျင့်သုံးလျက်ရှိကာ  အဆိုပါပြဋ္ဌာန်းချက်များနှင့် လိုက်လျောညီထွေမှုရှိစေရန် ပြည်တွင်း၌ရှိသည့် အလုပ်သမားဥပဒေများကို ပြဋ္ဌာန်း အကောင်အထည်ဖော် ဆောင်ရွက်ရန် ILO ရုံး၏ အကြံပေးမှုများနှင့် အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရအဖွဲ့များ သုံးပွင့်ဆိုင်ညှိနှိုင်းဆွေးနွေးပြီး အစားထိုးဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ နှစ် (၁၀၀) ပြည့် အထိမ်းအမှတ်တွင် မြန်မာနိုင်ငံအနေဖြင့် ILO ၏ အငယ်ဆုံးအသက်ပြဋ္ဌာန်းချက် အမှတ်-၁၃၈ ကို လက်ခံကျင့်သုံးရန် စဉ်းစားခဲ့ပြီး အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရသုံးပွင့်ဆိုင် ညှိနှိုင်းဆွေးနွေး၍ သဘောတူညီချက်ရရှိခဲ့ခြင်း ဖြစ်ပါကြောင်း၊ အဆိုပါပြဋ္ဌာန်းချက်အား သက်ဆိုင်ရာဝန်ကြီးဌာနများမှ သဘောထားမှတ်ချက်များ တောင်းခံပြီး အစိုးရအဖွဲ့ကိုတင်ပြ၍ ပြည်ထောင်စုလွှတ်တော်သို့တင်ပြပြီး လက်ခံကျင့်သုံးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ILO ညွှန်ကြားရေးမှူးချုပ်ထံ တင်ပြပြီးလာမည့် ၂၀၂၁ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့တွင် စတင်အာဏာ အသက်ဝင်မည်ဖြစ်ပါကြောင်း၊ ယခုကာလအတွင်း အဆိုပါပြဋ္ဌာန်းချက်နှင့် ပတ်သက်၍ အစိုးရအဖွဲ့ဝန်ထမ်းများ အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၊ အလုပ်သမား၊ အလုပ်ရှင်များအပါအဝင် ပြည်သူများအား အဓိပ္ပာယ်ဖွင့်ဆိုချက်၊ အကောင်အထည်ဖော် ဆောင်ရွက်မှုများအား အသိပညာပေးလုပ်ငန်းနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးကိစ္စများအား စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန်အတွက် ဝန်ကြီးဌာနများ၊ ဒေသဆိုင်ရာ အာဏာပိုင်များ၊ NGO၊ INGO၊ UN အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး စီမံချက်ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ဆန္ဒရှိပါကြောင်း၊ ဆောင်ရွက်ဆဲဖြစ်သော မြန်မာနိုင်ငံအမျိုးသားအဆင့် ကလေးအလုပ်သမား ပပျောက်ရေးအား (၅)နှစ် စီမံချက် (၃)ကြိမ်ဖြင့် (၁၅)နှစ် အကောင်အထည်ဖော် ဆောင်ရွက်နေသည့်အတွက် ယခုပြဋ္ဌာန်းချက် အမှတ် - ၁၃၈ နှင့် ချိတ်ဆက်၍ အကောင်အထည်ဖော်သွားမည် ဖြစ်ပါကြောင်း။

 

Convention-138 ကို လက်ခံကျင့်သုံးခြင်းအားဖြင့် မြန်မာနိုင်ငံတွင်ရှိသည့် ကလေးအလုပ်သမားများ အပါအဝင် နိုင်ငံသူနိုင်ငံသားများအတွက် အကျိုးကျေးဇူးများရရှိနိုင်သလို စိန်ခေါ်မှုများ လည်းရှိလာမည်ဖြစ်ပါကြောင်း၊ ပြဋ္ဌာန်းချက်ကို လက်ခံကျင့်သုံးသောနိုင်ငံများသည် သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ အထူးသဖြင့် လုပ်ငန်းအမျိုးအစားများဖြစ်သည့် သတ္တုတူးဖော်ရေး၊ ဆောက်လုပ်ရေး၊ လျှပ်စစ် စသည့်လုပ်ငန်းများတွင် အလုပ်သမားခန့်အပ်မှုနှင့်ပတ်သက်၍ လုပ်ငန်းရှင်များအား အသိပညာပေးပြဋ္ဌာန်းချက်နှင့် အတတ်နိုင်ဆုံး ကိုက်ညီအောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ စီးပွားရေးလုပ်ငန်းများ၊ မိသားစုလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းများ အပါအဝင်နယ်ပယ်အသီးသီးရှိလုပ်ငန်းများနှင့် သက်ဆိုင်မှုအားလေ့လာ သွားရမည်ဖြစ်ပါကြောင်း၊ အသိပညာပေးရေးလုပ်ငန်းများနှင့် သင်တန်းများဖွင့်လှစ်ရန်လိုအပ်ပြီး ယခုဆွေးနွေးပွဲမှ ပြည်ထောင်စုအစိုးရအဖွဲ့ တိုင်းဒေသကြီးနှင့်ပြည်နယ်များ အပါအဝင် NGO၊ INGO၊ UN နှင့် အလုပ်ရှင်၊ အလုပ်သမားများအတွက် အကျိုးရှိပြီးရှေ့ဆက်လက် လုပ်ဆောင်ရမည့် လုပ်ငန်းများဖော်ထုတ်နိုင်ပြီး အသိအမြင်များ တိုးပွားလာမည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ILO ရန်ကုန်ရုံးနှင့် ILO အာရှပစိဖိတ်ဒေသဆိုင်ရာရုံးခွဲမှ ပညာရှင်များက အငယ်ဆုံးအသက်ပြဋ္ဌာန်းချက်အမှတ် - ၁၃၈ လိုက်နာကျင့်သုံးမှုနှင့်စပ်လျဉ်း၍ နိုင်ငံတစ်နိုင်ငံအနေဖြင့် ဆောင်ရွက်ရန် ကိစ္စရပ်များ၊ မြန်မာနိုင်ငံတွင် ကျင့်သုံးနေသော သက်ဆိုင်ရာဥပဒေများအား လေ့လာသုံးသပ်မှုအပေါ် တွေ့ရှိချက်များနှင့် ဆက်လက်ဆောင်ရွက်သင့်သော အကြံပြုချက်များကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

 

သတင်းစဉ်