INF မှ အပြိုင်အဆိုင် နုတ်ထွက်ခြင်း

၄ ဖေဖော်ဝါရီ


စစ်အေးခေတ် တာလတ်ပစ်နျူကလီးယားလက်နက်ထိန်းချုပ်ရေး သဘောတူစာချုပ်ကနေ အမေရိကန်နုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်ပြီးနောက် ရုရှားဟာ အမေရိကန်နည်းတူ အဲဒီစာချုပ်ကနေ ထွက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဖေဖော်ဝါရီ ၂ ရက်ကစပြီး စာချုပ်ကို လိုက်နာတော့မှာ မဟုတ်ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီအိုက ဖေဖော်ဝါရီ ၁ ရက်က ကြေညာခဲ့တာပါ။


စာချုပ်လိုက်နာမှုကို ရပ်စဲကြောင်းကြေညာ ပြီးခဲ့တဲ့သောကြာနေ့မှာ နျူကလီးယား သဘောတူစာချုပ်ကို ရုရှားက ချိုးဖောက်နေတယ်လို့ တစ်ချိန်လုံး စွပ်စွဲလာတဲ့ အမေရိကန်ဟာ သဘောတူစာချုပ်နဲ့အညီ လိုက်နာဆောင်ရွက်ပြီး နေလာတာတွေကို ရပ်စဲလိုက်တော့မယ်လို့ အတိအလင်းကြေညာလိုက်တာ ဖြစ်ပါတယ်။ ၁၉၈၇ ခုနှစ်မှာ အမေရိကန်က ဆိုဗီယက်ပြည်ထောင်စုနဲ့ လက်မှတ်ရေးထိုးခဲ့တဲ့ မဟာဗျူဟာမြောက် တာလတ်ပစ်နျူကလီးယား လက်နက်ထိန်းချုပ်ရေး သဘောတူစာချုပ်ဟာ သဘောတူညီမှုမှာပါဝင်တဲ့ သက်ဆိုင်ရာနိုင်ငံတွေအားလုံးက တာလတ်ပစ် ဒုံးကျည်တွေ အသုံးပြုတာကို တားမြစ်ထားတဲ့ စာချုပ်တစ်ခုပါ။ အခုချိန်မှာတော့ အမေရိကန်က ဒီစာချုပ်ကနေ နုတ်ထွက်လိုက်ပြီးတဲ့နောက် မဟာ မိတ်နိုင်ငံတွေမှာ အမေရိကန်ဒုံးကျည်သစ်တွေ ဖြန့်ကြက်ရေး အသေးစိတ်ဆွေးနွေးဖို့ လုပ်ဆောင် တော့မှာဖြစ်တယ်လို့ မီဒီယာတွေက ဖော်ပြနေပါတယ်။


လက်နက်ထိန်းချုပ်ရေးဆိုင်ရာ ရှေ့နေတွေက ထရမ့်ရဲ့ဆုံးဖြတ်ချက်ဟာ လက်နက်ပြိုင်ဆိုင်မှုကို တံခါးဖွင့်ပေးရာရောက်နေတယ်လို့ ဝေဖန်ခဲ့ကြပါတယ်။ သဘောတူစာချုပ်ကို ဖောက်ဖျက်ပြီး ရုရှားက ဖြန့်ကြက်ထားတဲ့ ဒုံးကျည်တွေက အနောက်ဥရောပကို ပစ်ခတ်နိုင်တာကြောင့် ဒါကို တုံ့ပြန်ကာကွယ်ဖို့ အမေရိကန်က နည်းမျိုးစုံသုံးမယ်လို့ သမ္မတထရမ့်က ထုတ်ပြန်ကြေညာခဲ့ဖူးပါတယ်။


ရုရှားမီးစိမ်းပြ အမေရိကန်ဘက်က ဒီလိုကြေညာခဲ့ပြီး နောက်တစ်နေ့မှာပဲ ရုရှားသမ္မတပူတင်ကလည်း အသံထက်မြန်တဲ့ တာလတ်ပစ်ဒုံးကျည်အသစ်တွေ စတင်ထုတ်လုပ်ဖို့ မီးစိမ်းပြလိုက်ပြီလို့ သိရပါတယ်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သမ္မတကို အဆိုပြုထားတဲ့ မြေပြင်ပစ် ကာလီဘာ အမျိုးအစား တာလတ်ပစ်ဒုံးကျည်တွေ စတင်ထုတ်လုပ်ရေးကို သမ္မတပူတင်က သဘောတူလိုက်ပြီလို့ ရုရှားအစိုးရ ဝက်ဘ်ဆိုက်တစ်ခုမှာ ဖော်ပြထားပါတယ်။


ကမ္ဘာကအသိအမှတ်ပြုခဲ့သည့် ရုရှားနည်းပညာ ကာလီဘာဒုံးကျည်တွေဟာ ခရုဇ်အမျိုးအစား ဒုံးကျည်ဖြစ်ပြီး ရေပြင်မှ မြေပြင်ပစ်၊ ရေပြင် မှဝေဟင်ပစ် ဒုံးကျည်တွေအဖြစ် ရုရှားစစ်ရေယာဉ်နဲ့ ရေငုပ်သင်္ဘောတွေမှာ တပ်ဆင်ထားပါတယ်။ အခုအခါမှာတော့ ရုရှားက မြေပြင်က ရွေ့လျား ဒုံးပစ်စင်တွေကနေ ပစ်ခတ်ဖို့ ပြောင်းလဲထုတ်လုပ်မှာဖြစ်ပြီး အကွာအဝေး၊ တိကျတဲ့ထိမှန်နိုင်မှုနဲ့ ဒုံးကျည်တွေရဲ့အမြန်နှုန်းကို အဆင့်မြင့်နည်းပညာ တွေသုံးပြီး မွမ်းမံပြင်ဆင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။


ကာလီဘာအမျိုးအစား ခရုဇ်ဒုံးကျည်တွေကို လွန်ခဲ့သော ၂၀၁၅ခုနှစ်က ကက်စ်ပီယန်ပင်လယ် နဲ့ ပင်လယ်နက်ထဲကနေ ဆီးရီးယားမှာရှိတဲ့ အိုင်အက်စ်ပစ်မှတ်တွေကို ပစ်ခတ်ချေမှုန်းနိုင်ခဲ့တဲ့ အတွက် ရုရှားနိုင်ငံရဲ့ အဆင့်မြင့်နည်းပညာသုံး ခရုဇ်ဒုံးကျည်တွေအဖြစ် နာမည်ကောင်းရခဲ့ပြီး က္ဘာက အသိအမှတ်ပြုခဲ့ရပါတယ်။


စာချုပ်ချိုးဖောက်သည်ဟု စွပ်စွဲ သမ္မတပူတင်က ကျွန်ုပ်တို့ရဲ့ အမေရိကန်လုပ် ဖော်ကိုင်ဖက်တွေက ဒီစာချုပ်မှာ မပါတော့ဘူးလို့ ကြေညာလိုက်သလို ကျွန်ုပ်တို့လည်း ဒီစာချုပ်က နေ နုတ်ထွက်တော့မယ်လို့ စနေနေ့က ပြောခဲ့တာ ဖြစ်ပါတယ်။ ဒီစက်ဝန်းထဲမှာ ကျွန်ုပ်တို့ရဲ့ အရင် အဆိုပြုချက်မှန်သမျှဟာ ညှိနှိုင်းမှုစားပွဲပေါ်မှာ ဆက်လက်ကျန်ရှိနေတယ်။ ဆွေးနွေးဖို့ တံခါးပေါက် တွေဖွင့်ထားတယ်လို့ ၄င်းကဆိုပါတယ်။


ပြီးခဲ့တဲ့ စနေနေ့မှာ နေတိုးအဖွဲ့အတွင်းရေးမှူးချုပ် ဂျင်စတိုလ်တန်ဘာ့ဂ်က ရုရှားဟာ သဘောတူ စာချုပ်ကို နှစ်နဲ့ချီပြီး ချိုးဖောက်လာခဲ့ကြောင်း ဥရောပမဟာမိတ်တွေအားလုံးက ဒီကိစ္စမှာ အမေရိကန်နဲ့ သဘောတူတယ်လို့ ပြောခဲ့ပါတယ်။ ပြီးတော့လည်း ရုရှားက ဥရောပမှာ နျူကလီး ယားအဆင့်ရှိတဲ့ ဒုံးကျည်တွေကို ပိုပိုပြီးဖြန့်ကြက် လာနေတယ်လို့လည်း ၄င်းက စွပ်စွဲထားပါတယ်။ စာချုပ်အတိုင်း အပြည့်အဝလိုက်နာဆောင်ရွက်ဖို့ ရုရှားကို အမေရိကန်ကပေးထားတဲ့ အချိန်ရှစ်လကို ကောင်းကောင်း အသုံးချရယူသင့်ကြောင်းကိုလည်း ၄င်းက မှတ်ချက်ချခဲ့ပါတယ်။ သို့သော်လည်း ရုရှားက နျူကလီးယားသဘောတူစာချုပ်ကို ဖောက်ဖျက်ခြင်းမရှိဘူးလို့ ငြင်းဆန်ထားပါတယ်။


မဟာမိတ်တွေကို စိုးရိမ်စေတဲ့အရာ အမေရိကန်တွေက ရုရှားဒုံးကျည်သစ်ဟာ နျူကလီးယားလက်နက်ထိန်းချုပ်ရေး သဘောတူ စာချုပ်က တားမြစ်ထားတဲ့ အကွာအဝေးဖြစ်တဲ့ ကီလိုမီတာ ၅၀ဝ ကနေ ကီလိုမီတာ ၅၅၀ဝ ကို ကျရောက်နိုင် တယ်ဆိုတဲ့ သက်သေအထောက် အထားတွေ ရှိတယ်လို့ ပြောဆိုနေကြပါတယ်။ နေတိုးအဖွဲ့က SSC-8 လို့ သိထားတဲ့ 9M729 ဒုံးကျည် အမြောက်အမြားကို ရုရှားက ဖြန့်ကြက် ထားပြီလို့လည်း အမေရိကန်အာဏာပိ်ုင်တချို့က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ အမေရိကန်နဲ့ မဟာမိတ်တွေကို စိုးရိမ်ပူပန်စေတဲ့ အချက်တစ်ခု ဖြစ်ဟန်ရှိပါတယ်။


ဒီကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်ရဲ့ နေတိုး မဟာမိတ်အဖွဲ့ဝင်တွေက အမေရိကန်ကိုထောက်ခံ နေကြပုံပါပဲ။ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာတုန်းက ထရမ့်အစိုးရအဖွဲ့ဟာ စာချုပ်အတိုင်းလိုက်နာ ဆောင်ရွက်ဖို့ ရုရှားကို ရက်ပေါင်း ၆၀ အချိန်ပေး ခဲ့ပါတယ်။ သဘောတူစာချုပ်ကို ဖောက်ဖျက်ခြင်း မရှိဘူးလို့ ငြင်းဆိုထားသလို အမေရိကန်ရဲ့ တိ်ုက်ချင်းပစ်ဒုံးကျည်တွေကို ကြားဖြတ်ပစ်ချတဲ့ ဒုံးခွင်းစနစ်တွေကို အရှေ့ဥရောပမှာ ဖြန့်ကြက်ထား တာကလည်း သဘောတူညီချက်ကို ဖောက်ဖျက်ရာ ရောက်နိုင်တယ်လို့ ရုရှားက ဆိုထားပါတယ်။


တရုတ်ကြေညာချက်ထုတ်ပြန် နျူကလီးယားသဘောတူစာချုပ် လိုက်နာမှုကို အမေရိကန်က မရပ်စဲမီမှာ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကမ်ရှောင်က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ ကြေညာချက်ထဲမှာ INF စာချုပ်လိုက်နာမှုကို အမေရိကန်က ရပ်စဲလိုက်ခြင်းကြောင့် မလိုလား အပ်တဲ့ အကျိုးဆက်တွေ ဖြစ်လာလိမ့်မယ်လို့ ၎င်းက ဖော်ပြထားပါတယ်။


INF ဟာ နိုင်ငံတကာနဲ့ ဒေသတွင်းငြိမ်းချမ်း ရေးကို မြှင့်တင်ပေးပြီး တစ်က္ဘာလုံးဆိုင်ရာ မဟာဗျူဟာမြောက် အင်အားချိန်ခွင်လျှာကို ထိန်းညှိပေးတာကြောင့် အမေရိကန်နဲ့ ရုရှားတို့ဟာ အပြုသဘောဆန်ဆန် ဆွေးနွေးတဲ့နည်းနဲ့ မတူကွဲပြားမှု တွေကို ဖြေရှင်းကြဖို့ ကမ်ရှောင်က တိုက်တွန်းထား ပါတယ်။


နောက်ထပ်ဘာတွေဖြစ်လာနိုင်မလဲ သမ္မတပူတင်ဟာ ပြီးခဲ့တဲ့ စနေနေ့က ကာကွယ်ရေးဝန်ကြီးနဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ နဲ့အတူ ဆွေးနွေးခဲ့ရာမှာ လက်နက်အသစ်တွေ ဖန်တီးဖို့ လုပ်ငန်းစသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ လုပ်ငန်းစမယ့်အထဲမှာ အသံထက် ငါးဆ မန်တဲ့ လက်နက်တွေနဲ့ ကာလီဘာခရုဇ်ဒုံးကျည် တွေကို ထုတ်လုပ်သွားဖို့လည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။


ဥရောပနိုင်ငံတွေစိုးရိမ်တဲ့ လက်နက်ပြိုင်ဆိုင်မှု သို့သော်လည်း သမ္မတ ပူတင်က ရုရှားအနေ နဲ့ အမေရိကန်ပြည်ထောင်စုက အရှေ့ ဥရောပမှာ ၄င်းရဲ့ လက်နက်တွေကို အရင်မဖြန့်ကြက်မချင်း ရုရှားက တာတိုနဲ့ တာလတ်ပစ်ဒုံးကျည်တွေကို ဖြန့်ကြက်မှာမဟုတ်သလို တန်ဖိုးကြီးတဲ့ လက်နက် ပြိုင်ဆိုင်မှုတစ်ခုကို ပြုလုပ်လာဖို့ မရှိဘူးလို့တော့ ပြောကြားခဲ့ပါတယ်။ ဒီလို လက်နက်ပြိုင်ဆိုင်မှု တစ်ခု ပေါ်ပေါက်လာမယ့်အရေးဟာ ဥရောပနိုင်ငံတွေ အကြီးအကျယ်စိုးရိမ်ပူပန်နေတဲ့ အရေးကိစ္စ တစ်ခုပါ။


အမေရိကန်ဟာ နျူကလီးယားသဘောတူ စာချုပ်ကို လိုက်နာတဲ့တစ်ခုတည်းသော နိုင်ငံအဖြစ်မခံနိုင်ဘူးလို့ ထရမ့်က ပြောခဲ့ဖူးပါတယ်။ ဒီလိုနဲ့ စာချုပ်လိုက်နာမှုကနေ အပြိုင်အဆိုင် ရပ်စဲကြတဲ့ အခြေအနေတစ်ခုဖြစ်လာပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်လက်ထက်မှာ အမေရိကန်နဲ့ ရုရှားစစ်ရေးတင်းမာမှုဟာ အတော်လေး ပြင်းထန်တဲ့အခြေအနေတစ်ခုကို ရောက်ရှိနေတယ်လို့ ထင်မြင်ရပါကြောင်း။ ။ 


ကိုးကား- အေအက်ဖ်ပီ၊ ဘီဘီစီ
ကလျာမိုးမြင့်