International Challenge ပြိုင်ပွဲတွင် သက်ထားသူဇာ ပထမအဆင့်မှ စတင်ကစားရမည်

၂၃  စက်တင်ဘာ

မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် မော်လ်ဒိုက်နိုင်ငံ၌ ကျင်းပမည့် International Challenge ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီးပထမအဆင့်မှ စတင်ကစားရမည်ဖြစ်သည်။

သက်ထားသူဇာသည် ပထမအဆင့်တွင် သီရိလင်္ကာကစားသမား ပရာမိုဒီကာနှင့် တွေ့ဆုံနေသည်။ သက်ထားသူဇာနှင့် ပရာမိုဒီကာသည် စက်တင်ဘာ ၁၇ ရက်မှ ၂၂ရက်အထိ မော်လ်ဒိုက်နိုင်ငံ၌ ကျင်းပသည့် International Future Series ကြက်တောင်ပြိုင်ပွဲ ကွာတားဖိုင်နယ်တွင် တွေ့ဆုံခဲ့ပြီး သက်ထားသူဇာက နှစ်ပွဲပြတ် အနိုင်ရခဲ့သည်။ သက်ထားသူဇာဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ၅၅ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ သက်ထားသူဇာသည် ပထမအဆင့်ကို ကျော်ဖြတ်နိုင်ပါက ဒုတိယအဆင့်တွင် မလေးရှားနှင့် အိန္ဒိယပွဲမှ အနိုင်ရသည့်ကစားသမားနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် အာရှဒေသတွင်းမှ ကစားသမားများအပြင် ဥရောပ၊ အာဖရိကနှင့် သမုဒ္ဒရာဇုန်မှ ကစားသမားများလည်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

သက်ထားသူဇာသည် ယခုနှစ်အတွင်း International Challenge ပြိုင်ပွဲတွင် တတိယအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ဧပြီနှင့် ဇူလိုင်တွင် ကျင်းပခဲ့သည့် ပြိုင်ပွဲများတွင် ပထမအဆင့်မှ ထွက်ခဲ့ရသည်။ သက်ထားသူဇာသည် မော်လ်ဒိုက်နိုင်ငံ၌ ကျင်းပသည့် ပြိုင်ပွဲနှစ်ခုတွင် ဆက်တိုက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး International Future Series ကြက်တောင်ပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သည်။

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-ဖိုးသော်ဇင်