International Future Series ကြက်တောင်ပြိုင်ပွဲတွင် သက်ထားသူဇာ ဗိုလ်လုပွဲတက်ရောက်

၂၁ စက်တင်ဘာ


မော်လ်ဒိုက်နိုင်ငံ၌ ကျင်းပနေသည့် International Future Series ကြက်တောင်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ယနေ့ညနေပိုင်းက ဆက်လက်ကျင်းပရာ မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာ ဗိုလ်လုပွဲ တက်ရောက်သွားသည်။


သက်ထားသူဇာသည် ဆီမီးဖိုင်နယ်တွင် အိန္ဒိယကစားသမား ရှာရူတီနှင့် တွေ့ဆုံခဲ့ပြီး နှစ်ပွဲပြတ် အနိုင်ရခဲ့သည်။ သက်ထားသူဇာသည် လက်ရည်အသာဖြင့် ကစားကာ အမှတ်ပြတ် အနိုင်ရခဲ့ခြင်းဖြစ်သည်။ သက်ထားသူဇာသည် ဆီဒင် ၄ ရ ကစားသမားနှင့် တွေ့ဆုံခဲ့သော်လည်း လက်ရည်အသာဖြင့် ကစားကာ ၂၁-၁၀ မှတ်၊ ၂၁-၁၀ အနိုင်ရကာ ဗိုလ်လုပွဲ တက်ရောက်ခဲ့ခြင်းဖြစ်သည်။ သက်ထားသူဇာသည် ဗိုလ်လုပွဲတွင် အိန္ဒိယကစားသမား မယ်ဗီကာနှင့် တွေ့ဆုံနေပြီး စက်တင်ဘာ ၂၂ ရက် ညနေပိုင်းတွင် ကစားရမည်ဖြစ်သည်။


သက်ထားသူဇာသည် ယခုပြိုင်ပွဲတွင် တစ်ကျော့ပြန် အောင်မြင်မှုရရန် နီးစပ်နေပြီး ချန်ပီယံဆုနှင့် လက်တစ်ကမ်းအကွာသို့ ရောက်ရှိနေသည်။


သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်