International Series ကြက်တောင်ရိုက်ပြိုင်ပွဲတွင် သက်ထားသူဇာ ထပ်မံဗိုလ်စွဲ

၇ ဇူလိုင်

 

မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် ဇူလိုင် ၄ ရက် မှ ၇ ရက်အထိ အိုင်ဗရီကို့စ်နိုင်ငံ၌ ကျင်းပသည့် International Series ကြက်တောင်ရိုက်ပြိုင်ပွဲတွင် ဗိုလ်စွဲပြီး ချန်ပီယံဆု ထပ်မံဆွတ်ခူးရရှိခဲ့သည်။

 

သက်ထားသူဇာသည် ယခုပြိုင်ပွဲတွင် ဒုတိယအဆင့်မှ စတင်ကစားခဲ့ရပြီး မောရစ်သျှအား ကစားမယ် ဖူကူနီကို ၂၁-၁၅ မှတ်၊ ၁၄-၂၁ မှတ်၊ ၂၁-၁၉ မှတ်ဖြင့် (၂-၁) ပွဲ၊ ကွာတား ဖိုင်နယ်တွင် ပါကစ္စတန်ကစားသမား ရှာဇက် ကို ၂၁-၁၇ မှတ်၊ ၂၁-၁၃ မှတ်ဖြင့် နှစ်ပွဲပြတ်၊ ဆီမီးဖိုင်နယ်တွင် အီရန်ကစားသမား ဆိုရာ ယာကို ၂၁-၁၉ မှတ်၊ ၂၁-၁၉ မှတ်ဖြင့် နှစ်ပွဲပြတ်၊ ဗိုလ်လုပွဲတွင် ယခုပြိုင်ပွဲ၏ ဆီဒင်သတ် မှတ်ချက် အဆင့် (၁) ရ အိန္ဒိယကစားသမား  ကူဒါရာဗီလီကို နှစ်ပွဲပြတ်ဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။ သက်ထားသူဇာသည် ဗိုလ်လုပွဲတွင် ၂၁-၁၈ မှတ်၊ ၂၁-၁၃ မှတ်ဖြင့် နှစ်ပွဲပြတ် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ၂၀၂၀ အိုလံပစ်ပြိုင်ပွဲဝင်ခွင့်ရရန် ကြိုးပမ်းနေသည့် သက်ထားသူဇာအတွက် ယခုနှစ်အတွင်း ငါးကြိမ်မြောက်ရရှိသည့် ချန်ပီယံဆုရခဲ့ပြီး လာမည့်ပြိုင်ပွဲများအတွက်လည်း ယုံကြည်မှု ရှိစေခဲ့သည်။ သက်ထားသူဇာသည် ၂၀၁၈ အောက်တိုဘာမှ ၂၀၁၉ ဇူလိုင်လအထိ နိုင်ငံတကာပြိုင်ပွဲများ၌ ချန်ပီယံဆု ခြောက်ကြိမ်၊ ဒုတိယဆု တစ်ကြိမ် ရရှိထားသည်။ ထို့ပြင် ယခုနှစ်အတွင်း ငါးကြိမ်မြောက် ချန်ပီယံဆုရယူနိုင်ခဲ့ခြင်းဖြစ်ခဲ့ပြီး ယခုနှစ်အတွင်း ယူဂန္ဓာနိုင်ငံ၌ ကျင်းပသည့် International Series ကြက်တောင်ရိုက်ပြိုင်ပွဲနှင့် ကင်ညာနိုင်ငံ၌ကျင်းပသည့် Future Series ပြိုင်ပွဲ၊ မောရစ်သျှနိုင်ငံ$ကျင်းပသည့် International Series ကြက်တောင်ရိုက် ပြိုင်ပွဲ၊ ဘီနင်နိုင်ငံ၌ ကျင်းပသည့် International Series ကြက်တောင်ရိုက်ပြိုင်ပွဲနှင့် အိုင်ဗရီကို့စ်နိုင်ငံ၌ကျင်းပသည့် International Series ကြက်တောင်ရိုက် ပြိုင်ပွဲတို့တွင် ချန်ပီယံဆုရရှိခဲ့သည်။ 

 

သက်ထားသူဇာသည် ယခုပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့၍ ကမ္ဘာ့အဆင့် သတ်မှတ်ချက်မြင့်တက်လာသော်လည်း အိုလံပစ်ပြိုင်ပွဲဝင်ခွင့်ရရန် ပြိုင်ပွဲများ ထပ်မံယှဉ်ပြိုင်ရမည်ဖြစ်ပြီး အောင်မြင်မှုရရန် ကြိုးပမ်းရမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-သက်ထားသူဇာ Facebook