ဇော်ဂျီတောင်နှစ်ဦးစေတီ‌တော် ထီးတော်တင်လှူ

နေပြည်တော် ဧပြီ ၁၈

ဇော်ဂျီတောင်နှစ်ဦး စေတီတော် ထီးတော်တင်လှူခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ရတနာဒီပရပ်ကွက်ရှိ အဆိုပါစေတီပရိဝုဏ်၌ ကျင်းပသည်။

ထီးတော်တင်လှူပွဲသို့ “အေးမေတ္တာစံ” တိုင်းရင်းသားလူငယ် ဖွံ့ဖြိုးရေး ပရဟိတ၊ တောင်နီလေးကျောင်းတိုက် ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒိမာ အမှူးပြု သော ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး ဦးဆောင်အလှူရှင်များ ဖြစ်ကြသည့် ဆရာတော်ဘဒ္ဒန္တဇောတိက၊ ဘုရားဒါယကာ၊  အလှူရှင်များနှင့် ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။

ဦးစွာ တင်လှူပူဇော်မည့် ထီးတော်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော်နှင့် ဌာပနာတော် ထည့်မည့် ကျောက်မျက်ရတနာများကို ဆရာတော်၊ သံဃာတော်များထံ ဆက်ကပ်လှူဒါန်း ကြပြီး စေတီတော်အား လက်ယာရစ် သုံးကြိမ်လှည့်လည် ပူဇော်ကြသည်။

ထို့နောက် ဦးဆောင်အလှူရှင် ဆရာတော်နှင့် ဘုရားဒါယကာတို့က ဌာပနာတော် ရတနာပစ္စည်းများကို ဌာပနာတော်တိုက် အတွင်းသို့ ထည့်သွင်းပူဇော်ကြပြီး ထီးတော် ဘုံအဆင့်များ၊ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်တို့ကို စေတီတော်အထွဋ်၌ တင်လှူပူဇော် ကြကာ ရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးကြသည်။

ယင်းနောက် ဆရာတော်၊ သံဃာတော်များက ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါ ဘိသိက် သွန်းလောင်းတော်မူကြပြီး  အလှူရှင် မိသားစုများက တက်ရောက်လာသူကြများကို ဘုရားများ မဲဖောက်ပေးကြကာ ဆရာတော်၊ သံဃာတော်များထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး အနုမောဒနာတရား နာကြား၍ ရေစက်သွန်းလောင်းအမျှ ပေးဝေခဲ့ ကြကြောင်း သတင်းရရှိသည်။

ဟိန်းမင်းစိုး