ဇေယျာသီရိမြို့နယ်၌ ခွင့်မပြုဓာတုဆိုးဆေးများပါဝင်သည့် ငရုတ်သီးခွဲခြမ်းမှုန့်များအား မီးရှို့ဖျက်ဆီး

နေပြည်တော် မတ် ၃

နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ရေဆင်းဈေး၌ မြို့နယ်အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေး ကော်မတီအဖွဲ့ဝင်များက ဖေဖော်ဝါရီ ၂၄ ရက်က ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဓာတ်ခွဲနမူနာရယူခဲ့သည့် ငရုတ်သီး ခွဲခြမ်းမှုန့်များတွင် ဓာတုဆိုးဆေးများပါဝင်သည်ကို တွေ့ရှိရ၍ မတ် ၃ ရက် နံနက်ပိုင်းတွင် မီးရှို့ဖျက်ဆီးခဲ့သည်။

မီးရှို့ဖျက်စီးရာတွင် မြို့နယ်အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေး ကော်မတီအဖွဲ့ဝင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်ဇော်ဟိန်း ဦးဆောင်သည့်အဖွဲ့က ရေဆင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမျိုးနှင့် တာဝန်ရှိသူများနှင့်အတူ ရေဆင်းဈေးရှိ ဆိုင်တစ်ဆိုင်မှ ရောင်းချနေသည့် ငရုတ်သီး ခွဲခြမ်းအမှုန့်များတွင် ခွင့်မပြုဓာတုဆိုးဆေး Sudan III နှင့် Orange II တို့ ပါဝင်ကြောင်း စစ်ဆေးတွေ့ရှိရ၍ အဆိုပါဆိုင်ရှိ ငရုတ်သီးခွဲခြမ်းမှုန့်များကို မီးရှို့ဖျက်ဆီးကာ ခွင့်မပြုဓာတုဆိုးဆေးများ ပါဝင်သည့် ကုန်ပစ္စည်းများအား ထပ်မံရောင်းချခြင်းမပြုရန်နှင့် ထပ်မံရောင်းချကြောင်း စိစစ်တွေ့ရှိရပါက ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း ဝန်ခံကတိပြု အသိပေးဆောင်ရွက်ခဲ့သည်။

မြို့နယ်အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေးကော်မတီအနေဖြင့် ပြည်သူများ နေ့စဉ်စားသုံးသည့် အစားအသောက်များအား ဘေးအန္တရာယ် ကင်းရှင်းစွာ စားသောက်နိုင်ရေး၊ စားသုံးသူများ၏ လိုအပ်ချက်များနှင့် အခွင့်အရေးများ အပြည့်အဝရရှိစေရန် မြို့နယ်အတွင်း ကျန်ရှိသည့် ဈေးများတွင် ဆက်လက်စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

ထွန်းလင်း(ဇေယျာမြေ)