ဇီးကုန်းမြို့နယ်၌ အားကစားပြိုင်ပွဲများ ကျင်းပ

ဇီးကုန်း     ၂၂    ဖေဖော်ဝါရီ  
    
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်  ဇီးကုန်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားပြိုင်ပွဲများ၊ လူရွေးပွဲများ၊ မြို့နယ်တွင်းပြိုင်ပွဲများကို ကျင်းပဆောင်ရွက်ပေးလျက်ရှိရာ မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (TSDP) အရ မြို့နယ်အားကစားနှင့်ကာယပညာ ကော်မတီ ဉက္ကဌဖလား (ဘော်လီဘော၊ ရိုးရာခြင်း၊ စားပွဲတင်တင်းနစ်နှင့် စစ်တုရင်)ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၁ ရက် နေ့လည် ၂ နာရီက ဇီးကုန်းမြို့နယ် ပြည်သူ့အားကစားကွင်း ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

အားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဉက္ကဌ ကိုယ်စား ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဌေးလင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် THE BEST ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသူလေးများနှင့် အားကစားဝါသနာရှင်များအဖွဲ့မှ Myanmar Fitness Dance အကဖြင့် ကပြခဲ့ပြီး၊ ဇီးကုန်းမြို့နယ်ရိုးရာခြင်းအဖွဲ့မှ ခြင်းအလှခတ် သရုပ်ပြခဲ့ကြသည်။ ဆက်လက်၍ ဖွင့်ပွဲအထိမ်းအမှတ် ချစ်ကြည်ရေးဘောလုံးပွဲကို မြို့နယ်ဌာနဆိုင်ရာများ ဖူဆယ်ဘောလုံးအသင်းနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ ဖူဆယ်ဘောလုံးအသင်းတို့က အကြိတ်အနယ်ယှဉ်ပြိုင် ကစားခဲ့ကြသည်။

အဆိုပါ အားကစားပြိုင်ပွဲများကို ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၉ ရက်နေ့အထိ ယှဉ်ပြိုင်ကစားမည် ဖြစ်ပြီး၊ ပြိုင်ပွဲများအလိုက် ပထမ၊ ဒုတိယနှင့် တတိယရရှိသူများကို  ဆုတံဆိပ်နှင့် ဆုငွေများချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန နည်းပြ/ နည်းစနစ်မှူး ဦးစိုးလှိုင်ထံမှ သိရှိရသည်။

တင်ဆွေ(ဇီးကုန်း)