ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် သား ငါးနှင့် ကုန်စိမ်းသည်များ ယာယီဈေးသို့ပြောင်းရွှေ့ရောင်းချ

ဇီးကုန်း    ဇူလိုင် ၆

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု တွေ့ရှိလာသဖြင့် ရောဂါကူးစက်မှု မပြန့်ပွားစေရေးနှင့်  ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် သား ငါးနှင့် ကုန်စိမ်းသည်များအား ယနေ့နံနက်ပိုင်းမှစတင်၍ ယာယီဈေးသို့ ပြောင်းရွှေ့ဖွင့်လှစ် ရောင်းချစေခဲ့ကြောင်း သိရသည်။

ဇီးကုန်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးကြီးအတွင်း ရောင်းချနေသော မှတ်ပုံတင် အမည်ပေါက် ဈေးဆိုင်ခန်းများမှလွဲ၍ ကျန် သား ငါးနှင့် ဟင်းသီးဟင်းရွက် ကုန်စိမ်းသည်များအား အမှတ်(၁)ရပ်ကွက်၊ မြဝတီမင်းကြီးလမ်းရှိ ယာယီဈေးသို့ ပြောင်းရွှေ့ရောင်းချစေခဲ့ပြီး အဆိုပါဈေးအား နံနက် ၆ နာရီမှ မွန်းလွဲ ၂ နာရီအထိ ဖွင့်လှစ်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု တတိယလှိုင်းသည် တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် ခရိုင်မြို့နယ်များတွင် လျင်မြန်စွာ ကူးစက်ပြန့်နှံ့လျက်ရှိပြီး ဇီးကုန်းမြို့နယ်တွင်လည်း ကူးစက်ခံရသူ တွေ့ရှိလာသဖြင့် ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ရေးအတွက် ယာယီဈေးသို့ ပြောင်းရွှေ့ရောင်းချခြင်းဖြစ်ကြောင်း၊ မူလရောင်းချနေသော မိုဘိုင်းဈေးသည်များမှအပ အထိုင်ရောင်းချနေသော ဈေးသည်မျာအား မိုဘိုင်းရောင်းချခြင်း ခွင့်မပြုကြောင်းနှင့် နံနက်ခင်းအာရုံဈေး ရောင်းချမှုအား ယာယီရပ်ဆိုင်းထားကြောင်း ဇီးကုန်းမြို့မဈေးတာဝန်ခံ ဦးခင်မောင်ထွန်းထံမှ သိရသည်။

တင့်ဆွေ(ပြန်/ဆက်)

mdn