ဇလွန်မြို့၌ မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် နေအိမ် ၁၄ လုံးအား ကယ်ဆယ်ရေးရန်ပုံငွေ ထောက်ပံ့ပေးအပ်

ဇလွန် ၅ သြဂုတ်

 

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရသည့် နေအိမ် ၁၄ လုံးရှိ အိမ်ထောင်စုဝင်များအား ကယ်ဆယ်ရေးရန်ပုံငွေ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက် ၁၁ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

ကယ်ဆယ်ရေးရန်ပုံငွေ ထောက်ပံ့ပေးအပ်ရာတွင် ဇလွန်မြို့နယ် ကြာအင်းကျေးရွာအုပ်စု စိန်ကလေးကျေးရွာနှင့် ညောင်ပင်သာကျေးရွာအုပ်စု ရေပေါက်ကြီးကျေးရွာတို့တွင် သြဂုတ် ၂ ရက်မှစတင်၍ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရသည့် ပြောင်းရွှေ့နေအိမ် ၁၄ လုံးအတွက် ၁ လုံးလျှင် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ ၁၀၀၀၀၀ နှုန်းဖြင့် ငွေကျပ် ၁၄၀၀၀၀၀၊ ဆန်ရိက္ခာ တစ်ပတ်စာအတွက် တစ်ဦးလျှင် ငွေကျပ် ၂၁၀၀ နှုန်းဖြင့် စုစုပေါင်း လူဦးရေ ၆၆  ဦးတို့အတွက် ဆန်ရိက္ခာ ထောက်ပံ့ငွေကျပ်  ၁၃၈၆၀၀၊ စုစုပေါင်းထောက်ပံငွေကျပ် (၁၅၃၈၆၀၀) တို့အား  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်အောင်၊ ဟင်္သာတခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဒု-ဦးစီးမှူး ဒေါ်နှင်းသီတာနှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဝေယံ - ဇလွန်(ပြန်/ဆက်)