ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်အတွင်း အူဘာမီယန်၊ ဒီလီအလီ၊ အာရွန်ရမ်ဆေးနဲ့ ဗန်ဒီးဘိခ်တို့ အပြောင်းအရွှေ့ အသီးသီးပြုလုပ်ခဲ့

ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း ကစားသမားအများစု အပြောင်းအရွှေ့များဖြစ်ပေါ်ခဲ့ပြီး အဲဒီကစားသမားတွေထဲမှာ အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်၊ စပါးကွင်းလယ်ကစားသမား ဒီလီအလီ၊ ဂျူဗင်တပ်ကွင်းလယ်ကစားသမား အာရွန်ရမ်ဆေးနဲ့ မန်ယူအသင်း ကွင်းလယ်ကစားသမား ဗန်ဒီးဘိခ်တို့ဟာလည်း အသင်းပြောင်းရွှေ့မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းမှ အသက် ၃၂ နှစ်အရွယ်ရှိ ဂါဘွန်တိုက်စစ်မှူး အူဘာမီယန်ဟာ ဘာစီလိုနာ  အသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး တိုက်စစ်မှူး အူဘာမီယန်ဟာ ၂၀၁၈ ခုနှစ်အတွင်းက ဒေါ့မွန်အသင်းကနေ ပြောင်းရွှေ့ကြေး ပေါင် ၅၆ သန်းနဲ့ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

အူဘာမီယန်ဟာ အာဆင်နယ်အသင်းအတွက် ပွဲစဉ် ၁၆၃ ပွဲမှာ သွင်းဂိုး ၉၂ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ ပေမယ့်ဒီဇင်ဘာလကတည်းက အာဆင်နယ်အသင်းနဲ့အတူ ပုံမှန်ပွဲထွက်ကစားခွင့် ပျောက်ဆုံးခဲ့တာ ကြောင့် အာဆင်နယ်အသင်းကနေ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

ပြောင်းရွှေ့ခဲ့

စပါးအသင်းကွင်းလယ် ကစားသမား ဒီလီအလီကတော့ အဲဗာတန်အသင်းဆီ နှစ်နှစ်ခွဲ သက်တမ်းရှိ စာချုပ်တစ်ရပ်ချုပ်ဆိုပြီး ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အဲဗာတန်အသင်းရဲ့ နည်းပြသစ် ဖရန့်လမ်းပတ်က ကွင်းလယ်ကစားသမား ဒီလီအလီကို ဦးစားပေးကစားသမားအဖြစ် ခေါ်ယူခဲ့တာကြောင့် ဒီလီအလီရဲ့ ပြောင်းရွှေ့ကြေးဟာ ပေါင်သန်း ၄၀ အထိ ရှိလာဖို့လည်း ရှိနေတာဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ်ရှိ ဒီလီအလီဟာ အင်္ဂလန် လက်ရွေးစင်အသင်းအတွက် ၃၇ ပွဲပါဝင်ကစားပေးခဲ့ပြီး လက်ရှိစပါးအသင်း နည်းပြသစ် ကွန်တီလက်ထက်မှာခြောက်ပွဲသာ ပွဲထွက်ကစားခွင့်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ ဒီလီအလီဟာ စပါးအသင်းနဲ့အတူ ၂၆၉ ပွဲပါဝင် ကစားပေးခဲ့ရာမှာ သွင်းဂိုး ၆၇ ဂိုးအထိ သွင်းယူပေးနိုင် ခဲ့သူလည်းဖြစ်ပါတယ်။

ယခုနှစ် ဘောလုံးရာသီမှာ ဂျူဗင်တပ်အသင်းနဲ့အတူ ပွဲစဉ်ငါးပွဲသာ ပွဲထွက်ကစားခွင့်ရရှိခဲ့တဲ့ ကွင်းလယ် ကစားသမားအာရွန်ရမ်ဆေးဟာ စကော့တလန်ပရီမီယာလိဂ်ကလပ် ရိန်းဂျားအသင်းဆီကို အငှား စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အောက်တိုဘာလအတွင်းက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ လူစားဝင် ကစားသမားအဖြစ် ပါဝင်ကစားခွင့်ရရှိခဲ့ပြီးနောက်ပိုင်း ဂျူဗင်တပ်အသင်းနဲ့အတူ ပွဲထွက်ကစားခွင့် ပျောက်ဆုံးခဲ့သူဖြစ်ပါတယ်။

မန်ယူ အသင်းရဲ့ ကွင်းလယ်ကစားသမား ဗန်ဒီးဘိခ်ဟာလည်း ယခုနှစ်ဘောလုံးရာသီ ကုန်ဆုံးချိန်အထိ အဲဗာတန်အသင်းဆီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ကစားဖို့ သဘောတူညီခဲ့တာဖြစ်ပြီး မန်ယူအသင်း ယာယီနည်းပြ ရန်းနစ်က ပုံမှန်ပွဲထွက် ကစားခွင့်ရရှိဖို့ ရုန်းကန်နေရတဲ့ ကွင်းလယ်ကစားသမား ဗန်ဒီးဘိခ်ကို အငှားစာချုပ်နဲ့ သွားရောက်ကစားရေး ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။

ဗန်ဒီးဘိခ်ဟာ ၂၀၂၀ ပြည့်နှစ်အတွင်းက အေဂျက်အသင်းကနေ မန်ယူအသင်းဆီကို ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက်ပိုင်း မန်ယူအသင်းနဲ့အတူ ပရီမီယာလိဂ်ပွဲစဉ် လေးပွဲသာ ပွဲထွက်ကစားခွင့်ရရှိခဲ့သူလည်းဖြစ်ပါတယ်။

ငွေကြယ်