JobNation အလုပ်အကိုင်ပြပွဲကြီး မန္တလေးမြို့တွင် ကျင်းပ

မန္တလေး  ၁၂   မေ 

 

မြန်မာနိုင်ငံ၏ နံပါတ်(၁) အလုပ်အကိုင် ရှာဖွေရေးဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် JobNet.com.mm မှ စီစဉ် ကျင်းပသော JobNation အလုပ်အကိုင်ပြပွဲကြီးကို မေလ ၁၂ ရက် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ မန္တလေးမြို့ Hotel Marvel တွင် ကျင်းပသည်။

 

အဆိုပါပြပွဲတွင် ပြည်တွင်းနှင့် ပြည်ပကုမ္ပဏီပေါင်း ၂၅ ခုကျော်မှ IT နယ်ပယ်မှစပြီး ဟိုတယ်နှင့် ခရီးသွားလာရေးနယ်ပယ်အထိ လုပ်ငန်းနယ်ပယ်အသီးသီးအတွက် လိုအပ်နေသော လစ်လပ်ရာထူးများကို ခေါ်ယူခဲ့ပြီး ပြပွဲသို့ လာရောက်အလုပ်ရှာဖွေသူများအတွက်လည်း အထောက်အကူဖြစ်စေမည့် အလုပ်အကိုင် ရရှိနိုင်ရေး၊ တိုးတက်ရေးတို့နှင့် သက်ဆိုင်သော အကြောင်းအရာများကို လုပ်ငန်းနယ်ပယ်အသီးသီးနှင့် ဈေးကွက်ရှိ ထိပ်တန်းကုမ္ပဏီများမှ ကျွမ်းကျင်ပညာရှင်များ၏ အခမဲ့အကြံပေးဆွေးနွေးဟောပြောပွဲများ စသည့် အစီအဉ်များလည်း ပါဝင်သည်။

 

‘မန္တလေးမြို့က လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်ပြီး အရည်အချင်းရှိတဲ့သူတွေကို မြန်မာနိုင်ငံရဲ့ ထိပ်တန်း လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံအောင် လုပ်ပေးနိုင်တဲ့အတွက် ကျွန်တော် ဝမ်းသာပါတယ်။ ဒီပြပွဲမှာ ပါဝင်တဲ့ ကုမ္ပဏီ တွေနဲ့ အလားအလာရှိတဲ့ အလုပ်ရှာဖွေသူတွေကြားမှာ ကောင်းမွန်တဲ့ တွေ့ဆုံမှုတွေဖြစ်အောင် ကျွန်တော်တို့ အလွန်အားစိုက်ထုတ်ပြီး ကြိုးစားရပါတယ်။ ပြပွဲကိုလာတဲ့သူတွေအနေနဲ့ ထိပ်တန်းကုမ္ပဏီတွေက ကျွမ်းကျင်တဲ့ အလုပ်ခေါ်ယူနေသူတွေနဲ့ တွေ့ဆုံပြီး ကိုယ့်ရဲ့ အလုပ်အကိုင်လမ်းကြောင်းအတွက် ပိုပြီးကောင်းမွန်တဲ့ ပြောင်းလဲမှုတွေကို ပြုလုပ်သင့်တဲ့အချိန်ပါ’’ ဟု JobNet.com.mm ၏ အလုပ်အမှုဆောင် ဒါရိုက်တာ Mr. Matt De Luca က ပြောသည်။

 

အဆိုပါအလုပ်အကိုင်ပြပွဲသို့ လာရောက်၍ အလုပ်ရှာဖွေလျှောက်ထားသူ ကိုမြင့်မြင့်ကျော်က '' အလုပ်ခေါ်တဲ့ ကုမ္ပဏီတွေကတော့ အများကြီးပါပဲ သတ်မှတ်ထားတဲ့ အရည်အချင်းနဲ့ ကိုက်ညီတဲ့ ooreedoo ကုမ္ပဏီက အရောင်းဝန်ထမ်းနေရာကိုပဲ လျှောက်ခဲ့တယ်။ အခုလို အလုပ်အကိုင်တွေ ရရှိဖို့ ပြပွဲတွေ ကျင်းပပေးတာက ကောင်းမွန်တဲ့ အစီအစဉ် တစ်ခုပါပဲ'' ဟု ပြောသည်။

 

JobNet.com.mm သည် မြန်မာနိုင်ငံရှိ ကျွမ်းကျင်ပညာရှင်အဆင့်ဝန်ထမ်းများကို ရှာဖွေနေသာ ကုမ္ပဏီများနှင့် ထိထိရောက်ရောက် တွေ့ဆုံနိုင်စေရန်အတွက် ဆောင်ရွက်ပေးနေသာ အင်တာနက် အခြေပြု အလုပ်အကိုင် ရှာဖွေရေး ဝက်ဘ်ဆိုက်တစ်ခုဖြစ်ပြီး လစဉ် ဝင်ရောက်ကြည့်ရှုသူ စုစုပေါင်း ခုနစ်သိန်းကျော်ရှိသည့်အပြင် မြန်မာနိုင်ငံမှ ဝင်ရောက်ကြည့်ရှုမှုနှင့် အသုံးပြုမှု အများဆုံး အလုပ်အကိုင် ဝက်ဘ်ဆိုက်ကြီးတစ်ခုဖြစ်ကြောင်း သိရသည်။

 

အောင်ဖြိုးကျော်

 

DSC_53