ဇူလိုင်လအတွက် တစ်လတာ အကောင်းဆုံးဆု ရန်ကုန်အသင်း ယာယီနည်းပြချုပ် ဦးတင်မောင်ထွန်းနှင့် မကွေးအသင်းတိုက်စစ်မှူး ဇင်မင်းထွန်းတို့ ရရှိ

၄ သြဂုတ်


မြန်မာနေရှင်နယ်လိဂ်ကော်မတီက ချီးမြှင့်သည့် ၂၀၁၉ MNL အမှတ်ပေးပြိုင်ပွဲ၏ ဇူလိုင်လအတွက် တစ်လတာ အကောင်းဆုံးဆုများ ရွေးချယ်ခဲ့ရာ ရန်ကုန်အသင်း ယာယီနည်းပြချုပ် ဦးတင်မောင်ထွန်းနှင့် မကွေးအသင်းတိုက်စစ်မှူး ဇင်မင်းထွန်းတို့ ရရှိခဲ့သည်။ 


ရန်ကုန်အသင်းသည် ဇူလိုင်လက ယှဉ်ပြိုင်ခဲ့သည့် လေးပွဲတွင် သုံးပွဲနိုင်၊ တစ်ပွဲသရေကျခဲ့ပြီး ရှုံးပွဲမရှိ၊ ပေးဂိုးမရှိအောင် ကစားနိုင်ခဲ့သောကြောင့် ဦးတင်မောင်ထွန်းက အကောင်းဆုံးနည်းပြဆု ရရှိခဲ့ခြင်းဖြစ်သည်။ ဇူလိုင်လတွင် သုံးပွဲနိုင်၊ တစ်ပွဲကျသည့် အသင်းသုံးသင်းရှိခဲ့ပြီး ဦးတင်မောင်ထွန်းသည် ဧရာဝတီအသင်းနည်းပြချုပ် ဦးမျိုးလှိုင်ဝင်း၊ မကွေးအသင်းနည်းပြချုပ် ဦးအောင်ဇော်မျိုးတို့ကို ကျော်ဖြတ်ကာ ရရှိခဲ့ခြင်းဖြစ်သည်။ အကောင်းဆုံးနည်းပြဆုရ ဦးတင်မောင်ထွန်းကို သြဂုတ် ၄ ရက်က သုဝဏ္ဏကွင်း၌ ကျင်းပသည့် Chinland နှင့် ရန်ကုန်အသင်းပွဲမတိုင်မီ ဆုချီးမြှင့်ခဲ့ပြီး ဆုတံဆိပ်နှင့် ဆုကြေးကျပ်တစ်သိန်း ရရှိခဲ့သည်။ 


အကောင်းဆုံးကစားသမားဆုရ ဇင်မင်းထွန်းသည် ဇူလိုင်လအတွင်းကစားသည့် လေးပွဲစလုံး ဂိုးသွင်းနိုင်သည့်အပြင် ငါးဂိုးအထိ သွင်းယူကာ ပြိုင်ဘက်ကစားသမားများထက် စွမ်းဆောင်ရည် သိသိသာသာ ကောင်းမွန်ခဲ့သောကြောင့် ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။ အကောင်းဆုံးကစားသမားဆုရ ဇင်မင်းထွန်းကို သြဂုတ် ၃ ရက်က ပုသိမ်ကွင်း၌ ကျင်းပသည့် ဧရာဝတီ-မကွေးပွဲမတိုင်မီ ဆုချီးမြှင့်ခဲ့ပြီး ဆုတံဆိပ်နှင့် ဆုကြေးကျပ်တစ်သိန်းခွဲ ရရှိခဲ့သည်။


ယခုရာသီတွင် လအလိုက်အကောင်းဆုံးဆုများကို ဇန်နဝါရီတွင် ဦးအောင်ကျော်မိုး (ရတနာပုံ) နှင့် ဝင်းနိုင်ထွန်း (ရတနာပုံ)၊ ဖေဖော်ဝါရီ/မတ်တွင် ဦးငွေထွန်း (ဟံသာဝတီ)နှင့် လှိုင်းဘိုဘို (ရတနာပုံ)၊ ဧပြီတွင် ဦးအောင်ကျော်မိုး (ရတနာပုံ)နှင့် ဆယ်လာ (ရန်ကုန်)၊ မေ/ဇွန်တွင် ဦးအောင်နိုင် (ရှမ်းယူနိုက်တက်) နှင့် အဘူကာကာ (ရခိုင်)၊ ဇူလိုင်တွင် ဦးတင်မောင်ထွန်း (ရန်ကုန်) နှင့် ဇင်မင်းထွန်း (မကွေး) တို့က ရရှိခဲ့သည်။


သတင်း-ညီမြတ်သော်တာ


ဓာတ်ပုံ-ဖိုးသော်ဇင်