ဇယားထိပ်ပိုင်းမှ ဧရာဝတီနှင့် ဟံသာဝတီအသင်း နိုင်ပွဲဆက်

ရန်ကုန် ၁၅ စက်တင်ဘာ

၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၆) ပထမနေ့ကို ယနေ့ညနေပိုင်းက ကျင်းပရာ ဧရာဝတီ၊ ဟံသာဝတီနှင့် ရတနာပုံအသင်းတို့ နိုင်ပွဲဆက်ခဲ့သည်။

သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲတွင် ဧရာဝတီအသင်းက စစ်ကိုင်းအသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ဧရာဝတီအသင်းသည် စစ်ကိုင်းအသင်းကို နှစ်ကျော့စလုံး အနိုင်ရခဲ့ပြီး ဇယားထိပ်ဆုံးမှ ဆက်လက်ဦးဆောင် နိုင်ခဲ့သည်။ ဧရာဝတီအသင်းသည် ယခုပွဲတွင် အကောင်းဆုံးပုံစံပြသ နိုင်ခြင်းမရှိသော်လည်း တောင်ပံ ကစားသမား ဆာဆက်၏ သွင်းဂိုးနှစ်ဂိုးဖြင့် အမှတ်ပြည့်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ စစ်ကိုင်းအသင်းသည် ယခင်ပွဲများထက် ပိုမိုကောင်းမွန်သည့်ခြေစွမ်းပြသနိုင်ခဲ့သော်လည်း ခံစစ်ပိုင်း အားနည်းချက်များကြောင့် အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။

ဧရာဝတီအသင်းသည် အမာခံကစားသမားအများစုဖြင့် ပွဲထွက်လာပြီး စစ်ကိုင်းအသင်းမှာလည်း နိုင်ငံခြားသား ကစားသမားသုံးဦးအပါအဝင် လူစုံအသုံးပြုခဲ့သည်။ စစ်ကိုင်းအသင်းသည် ပွဲစကတည်းက ကစားအားမြင့်ခဲ့ပြီး ဧရာဝတီအသင်းမှာလည်း နိုင်ပွဲဆက်ရန် ကြိုးပမ်းခဲ့သည်။ သို့သော် စစ်ကိုင်းအသင်း၏ကစားပုံကြောင့် ဧရာဝတီ အသင်း ခက်ခက်ခဲခဲကစားခဲ့ရပြီး ဂိုးရရန် ရုန်းကန်ခဲ့ရသည်။ စစ်ကိုင်းအသင်းသည် ကစားပုံတိုးတက်လာ သော်လည်း ခံစစ်ကစားပုံမှာ လိုအပ်ချက်များရှိနေဆဲဖြစ်ပြီး ခံစစ်အားနည်းချက်များကြောင့် နှစ်ဂိုးစလုံးပေးခဲ့ ရခြင်းဖြစ်သည်။ ဧရာဝတီအသင်းတိုက်စစ်မှာ ယခင်ပွဲများလောက် ထိရောက်မှုမရှိဘဲ ၁၉၊ ၈၄ မိနစ်တွင် ဆာဆက်သွင်းယူသည့်ဂိုးများဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ စစ်ကိုင်းအသင်းသည် ပြိုင်ပွဲပြန်လည်စတင်ချိန်တွင် ရလဒ်မကောင်းသေးဘဲ ရှုံးပွဲဆက်ခဲ့သည်။

ပဒုမ္မာကွင်း၌ ကျင်းပသည့်ပွဲတွင် ဟံသာဝတီအသင်းက ရခိုင်အသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ဟံသာဝတီအသင်းသည် ယခုနိုင်ပွဲကြောင့် ဇယားထိပ်ဆုံးမှ ဧရာဝတီကို ရမှတ်တူဖြင့် ဆက်လက် ဖိအားပေး လျက်ရှိသည်။ ဟံသာဝတီအသင်းသည် ယခုပွဲတွင် သုံးဂိုးပြတ်အနိုင်ရပါက ဇယားထိပ်ဆုံးနေရာကို ပြန်လည် ရယူနိုင်မည်ဖြစ်သော်လည်း ဒုတိယပိုင်းတွင် ချေပဂိုးတစ်ဂိုးပြန်ပေးလိုက်ရသောကြောင့် ဂိုးကွာခြားချက်ဖြင့် ဒုတိယနေရာတွင် ဆက်ရှိနေခြင်းဖြစ်သည်။ ဟံသာဝတီအသင်းသည် အမာခံကစားသမားအစုံအလင်ဖြင့် ပွဲထွက်ခဲ့ပြီး ၃၉ မိနစ်တွင် အီမီကာသွင်းယူသည့်ဂိုးဖြင့် ပထမပိုင်းတွင် အနိုင်ရနေသည်။ ဒုတိယပိုင်း အစတွင်လည်း ဟံသာဝတီအသင်းကသာ ဖိကစားနိုင်ခဲ့ပြီး ၄၈ မိနစ်တွင် ဒိုနယ်က ဒုတိယဂိုးထပ်သွင်းကာ တတိယဂိုးမှာမူ ၆၃ မိနစ်တွင် ရခိုင်အသင်းမှ အောင်ကျော်သူ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့ခြင်းဖြစ်သည်။ ရခိုင်အသင်းအတွက် ချေပဂိုးကို ၇၈ မိနစ်တွင် အလက်ဇန္ဒားက သွင်းယူခဲ့သည်။ YUSC ကွင်း၌ ကျင်းပသည့်ပွဲတွင် ရတနာပုံအသင်းက Southern အသင်းကို သုံးဂိုးပြတ်အနိုင်ရခဲ့သည်။ ရတနာပုံအသင်းသည် နှစ်ပွဲဆက်အနိုင်ရခဲ့ပြီး ဂိုးများကို ၁၄၊ ၄၇ မိနစ်တွင် ဝင်းနိုင်စိုး၊ ၈၇ မိနစ်တွင် မြတ်ကောင်းခန့်တို့က သွင်းယူခဲ့သည်။

ဒုတိယနေ့ကို စက်တင်ဘာ ၁၆ ရက် ဆက်လက်ကျင်းပမည်ဖြစ်ပြီး သုဝဏ္ဏကွင်း၌ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်နှင့် ရန်ကုန်အသင်း၊ YUSC ကွင်း၌ မကွေးအသင်းနှင့် အားကာသိပ္ပံအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

သတင်း - ညီမြတ်သော်တာ

ဓာတ်ပုံ-ဖိုးသော်ဇင်