ကြာအင်းဆိပ်ကြီးမြို့နယ်၌ ကောက်ရိုးမှို စိုက်ပျိုးနည်း သရုပ်ပြသ

ကြာအင်းဆိပ်ကြီး၊  ၂၅  ဇန်နဝါရီ

 

ပရိုတိန်းဓာတ်ပြည့်ဝသည့် ကောက်ရိုးမှို စိုက်ပျိုးစားသုံးခြင်းဖြင့် ကျန်းမာသန်စွမ်းပြီး ပိုလျှံသည့်မှိုများကို ပြန်လည်ရောင်းချခြင်းဖြင့် မိသားစု အပိုဝင်ငွေများ ရရှိလာစေရန် ရည်ရွယ်၍ ကောက်ရိုးမှို စိုက်ပျိုးနည်း ကွင်းသရုပ်ပြသပွဲကို ဇန်နဝါရီ ၂၄ ရက် နံနက်ပိုင်းက ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ရုံးဝင်းအတွင်း၌ ပြုလုပ်သည်။

 

ကွင်းသရုပ်ပြသပွဲတွင် ကော့ကရိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်နော်သူးလေထီးက တောင်သူများအနေဖြင့် မိမိအိမ်ခြံဝင်းအတွင်းမှာပင် နှစ်ပတ်အတွင်း စိုက်ပျိုး စားသုံးနိုင်သည့် ကောက်ရိုးမှို စိုက်ပျိုးနည်းပညာများကို ရှင်းလင်း ပြောကြားသည်။

 

ထို့နောက် တက်ရောက်လာကြသည့် ကျေးရွာ ၁၂ ရွာမှ တောင်သူ ၃၃ ဦးအား စိုက်ပျိုးရေးဝန်ထမ်းများက ကောက်ရိုးမှို စိုက်ပျိုးနည်းအဆင့်ဆင့်ကို လက်တွေ့သရုပ်ပြသပြီး ကောက်ရိုးမှို စိုက်ပျိုးနည်း ပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

သရုပ်ပြသပွဲသို့ ကရင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံ စိုက်ပျိုးရေး တောင်သူများ တက်ရောက် လေ့လာခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)