ကျားကျားကြိုက်ကြိုက်ဇာတ်မြူးရုပ်ရှင်ကို သြဂုတ် ၂၉တွင်ရုံတင်ပြသမည်

ရန်ကုန် ၁၉  သြဂုတ် 


ရုပ်ရှင်အနုပညာရှင်များ၏ နောက်ကွယ်မှ အလှဖန်တီးပေးနေသည့် မိတ်ကပ်ပညာရှင်များ၏ သရုပ်ဆောင်မှုများဖြင့် ရိုက်ကူးထားသည့် ကျားကျား ကြိုက်ကြိုက် Comedy ဇာတ်မြူးရုပ်ရှင်ကို သြဂုတ် ၂၉ ရက်တွင် တစ်နိုင်ငံလုံး ရုံတင်ပြသမည် ဖြစ်ကြောင်း ယမန်နေ့ညက ရန်ကုန်မြို့ Junction City JCGV ရုပ်ရှင်ရုံတွင် ပြသသည့် ရုပ်ရှင်အထူးပြပွဲမှသိရသည်။ 


ကျားကျားကြိုက်ကြိုက် ရုပ်ရှင်ကို Half & Half ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးထားပြီး၊ ဇာတ်ညွှန်း ဒီဒီထက်အောင်၊ ဇာတ်လမ်းနှင့်ဒါရိုက်တာ ပြည်ဟိန်းသီဟ၊ ဝါရင့်သရုပ်ဆောင်များဖြစ်သည့် အကယ်ဒမီ မင်းမော်ကွန်း၊ အကယ်ဒမီ မြင့်မြတ်၊ ကေညီနှင့် မိတ်ကပ်ပညာရှင်များဖြစ်ကြသည့် ခင်စန်းဝင်း၊ သုသု၊ လင်းလင်း၊ ထက် (pop soul)၊ တက္ကသိုလ် ဂွမ်းပုံ၊ ဧည်သည်သရုပ်ဆောင်ထက်ထက်ထွန်း၊ ရွှေရင်အေး၊ အုန်းသီး၊ ချက်ကြီး၊ ဖိုးသဲ၊ စိန်သီး၊ စိုပြေ၊ ဟားတစ်သိုက်အဖွဲ့၊ မိတ်ကပ် အန်တီမင်း၏ ချစ်သမီးများ ပါဝင်သရုပ်ဆောင်ထားကာ ရယ်မော ပျော်ရွှင်ဖွယ် အပျော်ခရီးသွား ရုပ်ရှင်ဇာတ်ကားတစ်ကား အဖြစ်ရိုက်ကူးထားသည်။ 


“ကျွန်တော်နဲ့ မြင့်မြတ်နဲ့ တစ်ခါမှ ဒီလိုဟာသကား တွဲမရိုက်ဖူးဘူး၊ သူကလည်း ဟာသကို ကျွမ်းကျင်နားလည်တဲ့မင်းသားတစ်ယောက်ဖြစ်လို့ သူနဲ့ ရိုက်ချင်လို့ လက်ခံတာဖြစ်ပါတယ်၊ ဒီလို မိတ်ကပ်ပညာရှင်တွေအစုံနဲ့ ရိုက်တာမရှိသေးဘူး၊ သူတို့က ကျွန်တော်တို့ နောက်ကွယ်ကနေ ပံ့ပိုးပေးနေကြဖြစ်ပြီး ဒီတစ်ခါ တွဲရိုက်ပေး ရမှာဆိုတော့ ရင်ခုန်ဖို့ကောင်းတယ်၊ သူတို့က ဒီလောကထဲမှာ နေနေတာဆိုတော့ မစိမ်းပါဘူး၊ သူတို့သရုပ်ဆောင်တာက အပြင်မှာ တကယ်လုပ်နေတာနဲ့တူတယ်၊ ဒီကားက ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရမယ့်ကားပါ” ဟု အကယ်ဒမီ မင်းမော်ကွန်းကပြောသည်။ 


“အကောင်းဆုံးတော့လုပ်ထားတာပဲ၊ ရိုက်ကူးရေးအတွေ့အကြုံ အသစ်ဆိုတော့ လိုအပ်ချက်တွေရှိပါတယ်၊ ဒါရိုက်တာ ကိုပြည်ဟိန်းသီဟက သေချာသင်ပေးထားတာ ဆိုတော့ အဆင်ပြေပါတယ်၊ ဒီကားထဲမှာ အပြင်က မိတ်ကပ်ပညာရှင်အနေနဲ့ပဲ မြင်ရမှာပါ၊ ငပလီလမ်းနဲ့ဆင်တူတဲ့ မှော်ဘီဘက်က ပဲခူးရိုးမထဲမှာ အသွားအပြန် ကားတွေနဲ့သွားရိုက်ရတာ ပင်ပန်းပြီး ဘဝအတွက် ပထမကားလည်းဖြစ်လို့ အမှတ်တရ ပါပဲ၊ အတတ်နိုင်ဆုံး ကြိုးစားထားပါတယ်၊ ခုခေတ်က ကားကောင်းတွေမှ ပေါက်တာ ဆိုတော့ producer ကိုလည်း ပေါက်စေချင်ပါတယ်၊ ကိုယ်တွေလည်း နောက်ထပ် ရိုက်ချင်ပါတယ်၊ မိန်းမလျှာတွေရဲ့ ကာရိုက်တာ အတိုင်းကိုပဲ ရိုက်ထားတာပါ၊ ပရိသတ်ကြီး ကြည့်ပြီးလိုအပ်ချက်တွေ ရှိရင်လည်း ဝေဖန်ပေးပါ၊ ပရိသတ် ကြည့်မိရင်လည်း ရယ်စရာတွေနဲ့ အမောတွေပြေစေမှာပါ၊ ချစ်တဲ့မျက်လုံးလေးတွေနဲ့ ကြည့်ပေးပါ၊ အကောင်းဆုံး အကြံပေးပြီးတော့ အားပေးပါ၊” ဟု မိတ်ကပ်သုသု ကပြောသည်။  


သန့်ဇင်ဝင်း