ကာလရှည်ရင်ဆိုင်ရမည့် ကျန်းမာရေးပြဿနာ ကိုဗစ်ရောဂါ 



ဒေါက်တာကျော်ဇင်သန့်(ဆေးသုတေသန)
ကိုဗစ်- ၁၉ ကူးစက်မြန်ရောဂါသည် ၂၀၁၉ နှစ်ကုန်ပိုင်းက တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့ပြီး ကမ္ဘာတစ်ဝန်း ကူးစက်ပျံ့နှံ့ခဲ့ရာ ယခုအခါ နိုင်ငံငယ် အချို့မှလွဲ၍ တစ်ကမ္ဘာလုံး လွှမ်းခြုံခဲ့ပြီးဖြစ်ပေသည်။ ယခုနှစ် ယနေ့အထိ ကမ္ဘာတစ်ဝန်း၌ ရောဂါဖြစ်ပွားသူ(ဓာတ်ခွဲအတည်ပြုလူနာ) ၄၃  သန်းကျော်၊ ပြန်လည်ကောင်းမွန်လာသူ ၃၂ သန်းနီးပါးနှင့့်် သေဆုံးသူ တစ်သန်းကျော် ရှိပြီဖြစ်သည်။
မြန်မာနိုင်ငံတွင်လည်း ယခုနှစ် မတ်လ ၂၃ ရက်မှ စတင်ခဲ့သော ကိုဗစ် ပထမဒီရေသည် နိုင်ငံတော်အဆင့် ဦးဆောင်မှုဖြင့် ရောဂါ ကာကွယ်ထိန်းချုပ် ကုသမှုများကြောင့် အနည်းငယ်အားပျော့သွားခဲ့ပြီး ဩဂုတ် ၁၆ ရက်နောက်ပိုင်း  ရခိုင်ပြည်နယ်ကို ဖြတ်ကျော်ဝင်ရောက်လာသော ကိုဗစ် ဒုတိယဒီရေကြောင့် တစ်နိုင်ငံလုံး ပျံ့နှံ့သွားခဲ့ရာ ယနေ့အထိ ဓာတ်ခွဲအတည်ပြုလူနာ  ၄၆၂၀၀ ၊ ပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရသူ ၂၆၀၀၇ ဦးနှင့် သေဆုံးသူ ၁၁၂၂ ဦး ရှိခဲ့ပြီး ဖြစ်သည်။
လျှော့တွက်လေ့ရှိတဲ့ ဗိုင်းရပ်စ်ရောဂါများ
ရောဂါဖြစ်ပွားသူ အများစု(၈၀ ရာခိုင်နှုန်းခန့်)အတွက် ကိုဗစ်ရောဂါသည် သာမန် အာဂန္တုရောဂါမျှသာ ဖြစ်သော်လည်း အချို့မှာမူ ခြေကုန်လက်ပန်းကျ လောက်အောင် ပင်ပန်းနွမ်းနယ်ခြင်း၊ တောက်လျှောက် နာကျင်မှုခံစားရခြင်း နှင့် အသက်ရှူမဝခြင်းတို့ကို လနှင့်ချီ၍ ခံစားရတတ်သည်။ သာမန် ဗိုင်းရပ်စ် ရောဂါအများစုမှာ တိုးတိတ်ညင်သာစွာ  ရောဂါစတင်ဖြစ်ပွားလေ့ရှိပြီး ရက် သတ္တပတ် အနည်းငယ်အတွင်း (များသောအားဖြင့် တစ်ပတ်မှ အလွန်ဆုံး သုံးပတ်အတွင်း)အလိုအလျောက် သက်သာပျောက်ကင်းသွားလေ့ရှိသဖြင့် "Self-limiting diseases"ဟု ခေါ်စမှတ်ပြုကြသည်။ တိုက်ရိုက်ကုထုံးမရှိသော ဗိုင်းရပ်စ်ရောဂါအများစုအတွက် ရောဂါလက္ခဏာကို သက်သာပျောက်ကင်း စေသော Symptomatic treatment ကုထုံးများဖြင့်သာ ဆရာဝန်များက ကုသ ပေးလေ့ရှိသည်။ ကိုဗစ်ရောဂါခံစားရသူ အများစုမှာလည်း ရောဂါလက္ခဏာ တစ်စုံတစ်ရာမပြဘဲ အသံတိတ် ကူးစက်ခံရခြင်းဖြစ်သဖြင့်  “ပိုးရှိလို့ရှိမှန်းမသိ” ဖြစ်တတ်ကာ ရောဂါအတိမ်အနက်ကို လျှော့တွက်ကြပြီး အပျော်အပါးမပျက်၊ အစားအသောက် အနေအထိုင်မပျက် ပြုမူလေ့ရှိကြသည်။
ကာလရှည် ကိုဗစ်ရောဂါ ဆိုသည်မှာ
လူနာအားလုံးအတွက် အကျုံးဝင်သော ရောဂါလက္ခဏာများ သို့မဟုတ် ဆေးပညာဆိုင်ရာ တိကျသော အဓိပ္ပာယ်ဖွင့်ဆိုချက်များ မရှိသေးသော်လည်း လူနာတစ်ဦးစီအတွက် ကွဲပြားခြားနားသော ဝေဒနာခံစားချက် အတွေ့အကြုံ များ ရှိတတ်သည်။ အတွေ့ရအများဆုံး လက္ခဏာမှာ ဂျုံးဂျုံးကျ(ချုံးချုံးကျ) လောက်အောင် ပင်ပန်းနွမ်းနယ်ခြင်းပင်ဖြစ်သည်။ အခြားလက္ခဏာများမှာ အသက်ရှူမဝခြင်း၊ ချောင်းအဆက်မပြတ်ဆိုးခြင်း၊ အဆစ်အမျက်နှင့် ကြွက် သား  နာကျင်ကိုက်ခဲခြင်း၊  အမြင်အာရုံနှင့် အကြားအာရုံ ချို့တဲ့ခြင်း၊ အနံ့ အရသာ မရခြင်း၊ ခေါင်းကိုက်ခြင်းနှင့် နှလုံး၊ အဆုတ်၊ ကျောက်ကပ်နှင့် အစာလမ်း ကြောင်း ထိခိုက်ခြင်းတို့ ဖြစ်သည်။ စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာများအနေ ဖြင့် စိုးရိမ်ပူပန်မှုလွန်ကဲခြင်း၊   စိတ်ဓာတ်ကျခြင်းနှင့်    စိတ်မကြည်လင်ခြင်း တို့ကို တွေ့ရတတ်သည်။  လူမှုရေး၊   စီးပွားရေး   အခက်အခဲများကိုပါ   ကာလ ရှည် ရင်ဆိုင်ရသောအခါ  မိမိကိုယ်ကိုယ်သတ်သေခြင်းကဲ့သို့သော အဆုံးစွန် လုပ်ရပ်များကိုလုပ်ရန် အလားအလာရှိလာသည်။
သို့ဖြစ်၍ အောက်တိုဘာ ၁၀ ရက်က ကျရောက်ခဲ့သည့် ကမ္ဘာ့စိတ်ကျန်းမာ ရေးနေ့ ဆောင်ပုဒ်ဖြစ်သော "Mental Health for All; Greater Investment- Greater Access"တွင် ညွှန်းဆိုလမ်းပြထားသည့်အတိုင်း ဖော်ပြပါ  ကာလရှည် ကိုဗစ်ရောဂါဆိုင်ရာ စိတ်ကျန်းမာရေးပြဿနာများကို နိုင်နင်းစွာ ကိုင်တွယ် ဖြေရှင်းနိုင်ရန်အတွက် လူ့စွမ်းအားအရင်းအမြစ်(Man)၊ နည်းပညာနှင့် ပစ္စည်း အရင်းအမြစ်(Material)နှင့် ငွေကြေးအရင်းအမြစ်(Money)ဆိုင်ရာ စီမံခန့်ခွဲမှု၊ ရင်းနှီးမြှုပ်နှံမှုများကို ဆောင်ရွက်သွားသင့်ကြောင်း အကြံပြုလိုပါသည်။
“ကာလရှည်ကိုဗစ်ရောဂါ အမှန်တကယ်ရှိနေကြောင်း ယုံမှားသံသယဖြစ် ဖွယ်မရှိ”ဟု ယူကေနိုင်ငံ Exeter တက္ကသိုလ်မှ ပါမောက္ခ ဒေးဗစ်စတရိန်းက သူ၏ ကုသမှုအတွေ့အကြုံကို ပြောပြသည်။ ဘဝတစ်သက်တာ မကြုံစဖူးသော ပင်ပန်းနွမ်းနယ်ခြင်းကို ခံစားရပြီး လမ်းမလျှောက်နိုင်လောက်အောင်ပင် ချည့် နဲ့သွားကြောင်း လူနာအချို့က ဖော်ပြသည်။ အထူးကြပ်မတ်ကုသခံရသောလူနာ များမဆိုထားနှင့်၊ သာမန် ရောဂါလက္ခဏာ ခံစားရသူများပင်လျှင် ပြင်းထန် သည့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများကို ရင်ဆိုင်ရတတ်သည်။
လူဘယ်လောက်များများ ခံစားရသလဲ
အီတလီနိုင်ငံ ရောမမြို့ရှိ အကြီးဆုံးဆေးရုံတစ်ခုတွင် ကိုဗစ်-၁၉ ရောဂါ ကုသပြီး ဆေးရုံဆင်းသည့် လူနာ ၁၄၃ ဦးအပေါ် သုတေသန လေ့လာမှုတစ်ခု ပြုလုပ်ခဲ့ရာ လူနာ  ၈၇ ရာခိုင်နှုန်းသည် ဆေးရုံမှဆင်းပြီး နှစ်လခန့်ကြာသည် အထိ ရောဂါလက္ခဏာ အနည်းဆုံးတစ်ခုကို ဆက်လက်ခံစားနေရပြီး လူနာ ထက်ဝက်ကျော်မှာ ပင်ပန်းနွမ်းနယ်မှု ဆက်လက်ဖြစ်ပေါ်နေကြောင်း တွေ့ရ သည်။   လူနာများ  ခံစားရသည့် ရောဂါလက္ခဏာများမှာ (ရာခိုင်နှုန်းများရာမှ နည်းရာသို့အစဉ်လိုက်) ပင်ပန်းနွမ်းနယ်ခြင်း၊ အသက်ရှူမဝခြင်း၊ အဆစ်အမျက် နာကျင်ကိုက်ခဲခြင်း၊   ရင်ဘတ်အောင့်ခြင်း၊   ချောင်းဆိုးခြင်း၊   အနံ့မရခြင်း၊ ဆစ်ကာရောဂါစု(မျက်စိနှင့်  ပါးစပ်  ခြောက်ခြင်း၊  အဆစ်အမျက်ရောင်ခြင်း)၊ နှာစေးခြင်း၊ မျက်စိနီခြင်း၊ အရသာခံစားမှုမရှိခြင်း၊ ခေါင်းကိုက်ခြင်း၊ သလိပ် ထွက်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ လည်ချောင်းနာခြင်း၊ ချာချာလည်အောင် ခေါင်းမူးခြင်း၊ ကြွက်သားနာကျင်ခြင်းနှင့် ဝမ်းလျှောခြင်းတို့ ဖြစ်ကြသည်။ သို့သော် အဆိုပါလေ့လာမှုမှာ ဆေးရုံတက်ရန်လိုအပ်သော လူနာအရေအတွက် အနည်းစုအပေါ်တွင်သာ ဆောင်ရွက်ထားခြင်းဖြစ်သဖြင့် အကန့်အသတ်ရှိနေ ပေသည်။ ယူကေနိုင်ငံ၌ ပြည်သူလေးသန်းခန့်အား “ကိုဗစ်ရောဂါလက္ခဏာ နောက်ယောင်ခံခြင်း အက်ပလီကေးရှင်း” အသုံးပြု၍  လေ့လာခဲ့ရာ ၎င်းတို့၏ ၁၂ ရာခိုင်နှုန်းမှာ ရောဂါဖြစ်ပြီးတစ်လကျော်အထိ ရောဂါလက္ခဏာများ ပြသဆဲ ဖြစ်ကြောင်း တွေ့ရသည်။ 
ပြင်းထန်ကိုဗစ်ရောဂါနှင့် ကာလရှည်ကိုဗစ်ရောဂါ ဆက်စပ်မှု
အိုင်ယာလန်နိုင်ငံ ဒဗ္ဗလင်မြို့တွင်  ပြုလုပ်ခဲ့သော လေ့လာမှုတစ်ခုအရ လူနာထက်ဝက်ခန့်မှာ ရောဂါကူးစက်ခံရပြီး ၁၀ ပတ်ကျော်သည်အထိ ပင်ပန်း နွမ်းနယ်မှုကို  ခံစားနေရဆဲဖြစ်ကြောင်း  တွေ့ရှိရသော်လည်း  ကိုဗစ်ရောဂါ ပြင်းထန်မှုနှင့် တိုက်ရိုက်ဆက်စပ်သော အထောက်အထား မတွေ့ရှိရကြောင်း သိရသည်။  ခြေကုန်လက်ပန်းကျလောက်အောင်   ပင်ပန်းနွမ်းနယ်ခြင်းမှာ ကာလရှည်ကိုဗစ်ရောဂါ၏ ရောဂါလက္ခဏာတစ်ခုမျှသာဖြစ်သည်။ လူနာများ၏ နာလန်ထမှုကို လေ့လာနေသော Leicester တက္ကသိုလ်မှ ပါမောက္ခ ခရစ္စ ဘရိုက်လင်းက အဆုတ်ရောင်ရမ်းခြင်း(နမိုးနီးယား)ဖြစ်ပွားခဲ့သူ လူနာများတွင် အဆုတ်ထိခိုက်ပျက်စီးမှုကြောင့် နောက်ဆက်တွဲပြဿနာများ ပိုမိုရှိနိုင်ကြောင်း ယုံကြည်လျက်ရှိသည်။
ကိုရိုနာဗိုင်းရပ်စ်နှင့် ကာလရှည်ကိုဗစ်ရောဂါ
ထင်မြင်ယူဆချက် အများအပြားရှိသော်လည်း တထစ်ချအဖြေကို ပေး နိုင်စွမ်းမရှိသေးပါ။ ကိုဗစ်- ၁၉ ရောဂါ   ဖြစ်ပွားပြီးနောက် ခန္ဓာကိုယ် အစိတ် အပိုင်းအများစုတွင်    ရောဂါသန့်စင်သွားသော်လည်း  အချို့အစိတ်အပိုင်း များတွင် ဗိုင်းရပ်စ်ခိုအောင်းပြီး တာရှည် စွဲကျန်နေနိုင်သည်။ လန်ဒန်မြို့ King’s ကောလိပ်မှ ပါမောက္ခ တင်မ်စပက်တာ၏ အဆိုအရ ကာလရှည်ဝမ်းလျှောခြင်း ဖြစ်ပွားနေပါက အူလမ်းကြောင်းတွင်လည်းကောင်း၊ အနံ့မရခြင်း ဖြစ်ပွားနေ ပါက အာရုံကြောစနစ်တွင်လည်းကောင်း ဗိုင်းရပ်စ်ရှိနေနိုင်သည်ဟု သိရသည်။
ကိုရိုနာဗိုင်းရပ်စ်သည်  ခန္ဓာကိုယ်အတွင်းရှိ  ဆဲလ်အမျိုးမျိုးကို တိုက်ရိုက် ထိတွေ့ကူးစက်ပြီး ကိုယ်ခံအားစနစ်(ရောဂါပြီးစနစ်) တုံ့ပြန်မှုကို လှုံ့ဆော် ခြင်းဖြင့်  တစ်ကိုယ်လုံးကို  ထိခိုက်ပျက်စီးစေနိုင်သည့်အတွက်  ကိုဗစ်ရောဂါ ဖြစ်ပွားပြီးသော်လည်း ကိုယ်ခံအားစနစ်သည် ပုံမှန်ပြန်မဖြစ်တော့ဘဲ အားနည်း ကျဆင်းလျက်ရှိသည်ဟု အချို့က ယုံကြည်ကြသည်။
ကိုဗစ်ရောဂါသည် လူ့ကိုယ်တွင်းအင်္ဂါများ၏ ပုံမှန်လုပ်ငန်းများကိုလည်း ပြောင်းလဲစေနိုင်သည်။ ကိုဗစ်ကြောင့် ခန္ဓာကိုယ်တွင်း သကြားဓာတ်ထိန်းညှိမှု ယန္တရား ပျက်ပြားပြီး ဆီးချိုသွေးချိုရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ရ ခက်ခဲနိုင် သည်။ ရောဂါကြောင့် ဦးနှောက်အစိတ်အပိုင်းများနှင့် ယင်းတို့၏လုပ်ငန်းစဉ်များ ကနဦးပြောင်းလဲမှု ဖြစ်ပေါ်ခြင်းကို ပညာရှင်တို့ လေ့လာနေဆဲဖြစ်သလို ခန္ဓာ ကိုယ်တွင်း သွေးလှည့်ပတ်မှုအဖွဲ့အစည်းနှင့် သွေးခဲမှု ပုံမှန်မဟုတ်ခြင်းတို့ကို လည်း အံ့ဖွယ်ရာ တွေ့ရှိရသည်။
ကိုဗစ်ရောဂါသည် တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့ခဲ့သည်မှာ စုစုပေါင်း တစ်နှစ်ပင် မပြည့်သေးသည့်အတွက် ရေရှည် သက်ရောက်မှု အချက်အလက်များ ပြည့်စုံစွာ မရနိုင်သေးပါ။ ကာလရှည် ကိုဗစ်ရောဂါသည် ယခုပုံစံအတိုင်း ဆက်သွားမည် ဆိုပါက တစ်ချိန်တွင် သက်သာပျောက်ကင်း နာလန်ထလာနိုင်မည်ဖြစ်သော် လည်း ဆောင်းရာသီရောက်တိုင်း အခြား ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ရောဂါများ၏ တိုက်ခိုက်မှုကို ကြိုတင်မျှော်လင့် ထားရန်နှင့် ကြိုတင်ကာကွယ်ထားရန် လိုအပ်ပေသည်။
NHS ၏အကြံပြုချက်
UK နိုင်ငံ အမျိုးသားကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းအဖွဲ့(NHS)က “သင့်အတွက် ကိုဗစ်နာလန်ထ  စီမံချက်” (three Ps)တွင်   အောက်ပါအတိုင်း အကြံပြုထားသည်။
(၁) Pace - မိမိကိုယ်ပိုင် နရီစည်းချက်အတိုင်း ဆောင်ရွက်ခြင်းဖြင့် အလုပ်ဝန်ပိ 
 ခြင်းကို ရှောင်ရှားနိုင်ပြီး လုံလောက်သောအနားယူချိန်ကို  ရယူပါ။    (နိုင်သလောက် ဝန်ကိုသာ ထမ်းပါ)
(၂) Plan - နေ့စဉ်လုပ်ငန်းတာဝန်များကို ကြိုတင်စီမံခန့်ခွဲထားခြင်းဖြင့် ခက်ခဲ 
 ပင်ပန်းသောလုပ်ငန်းများကို စုပြုံမလုပ်ဘဲ ရက်သတ္တပတ်အတွင်း မျှတစွာ 
 ခွဲဝေဆောင်ရွက်ပါ။
(၃) Prioritise - မဖြစ်မနေ ဦးစားပေးပြီး ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် 
 ဆိုင်းငံ့၍ရသော လုပ်ငန်းများကို ခွဲခြားဆောင်ရွက်ပါ။
ကိုဗစ်ရောဂါဆိုင်ရာ ကာကွယ်ထိန်းချုပ်ကုသမှုများကို စတင်ဆောင်ရွက် စဉ်ကတည်းကပင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က “ပြည်သူသာအဓိက” ဆိုသည့်အချက်ကို ဦးစားပေး ညွှန်းဆိုပြသည့်နည်းတူ ပြည်သူတစ်ရပ်လုံးက တာဝန်သိစိတ်၊ တာဝန်ယူစိတ်ဖြင့် အင်တိုက်အားတိုက် ပါဝင်ကူညီ ဆောင်ရွက် ကြဖို့လိုသလို လူတစ်ဦးချင်းစီက မိမိ၏ အသိ၊ မိမိ၏သတိဖြင့် ကိုယ့်ကိုယ် ကိုယ်အားကိုးရန်၊ စောင့်ရှောက်တတ်ရန် အရေးကြီးလှသည်။ တစ်ဦးချင်းမှသည် မိမိ၏ မိသားစု၊  ရပ်ကွက်/ကျေးရွာ၊  မြို့နယ်၊  ခရိုင်၊  ပြည်နယ်/တိုင်းဒေသကြီး၊ ပြည်ထောင်စု  တစ်ဝန်းလုံး စသည်ဖြင့် စိတ်တူသဘောတူ၊ စေတနာတူသူများ စုပေါင်းအားဖြင့် ကြိုးစားစည်းကမ်းရှိကြလျှင် အောင်မြင်မည်မှာ မလွဲဧကန် ဖြစ်သည်။ 
ကြံ့ကြံ့ခံနိုင်ရေး
ကိုဗစ်ရောဂါသည် ကာလတို အချိန်ပိုင်းမျှဖြင့် ပြီးဆုံးသွားမည့် ရောဂါ မဟုတ်ပါ။ ဖွဲမီးကဲ့သို့ တငွေ့ငွေ့လောင်ကျွမ်းနေပြီး ကာလရှည်ရင်ဆိုင်ရမည့် ကျန်းမာရေးပြဿနာ ဖြစ်သည်။ ထို့ကြောင့် စားဝတ်နေရေး၊ လူမှုရေး၊ ပညာ ရေး၊ စီးပွားရေး၊ နိုင်ငံရေးစသည်ဖြင့် ကဏ္ဍပေါင်းစုံ ထိခိုက်မှု၊ ပြောင်းလဲမှုများစွာ ဖြစ်ပေါ်နိုင်သည်။ ရေရှည်လုပ်ငန်းစဉ်ဖြစ်သဖြင့် အစစအရာရာ ကြိုတင်ပြင်ဆင် သတိရှိကြရန်နှင့် (Resilience) ကြံ့ကြံ့ခံနိုင်သောစွမ်းရည်ရှိရန် အထူးအရေး ကြီးပါသည်။  ဇွဲရှိမှ အောင်နိုင်မည်ဖြစ်သည်။   ဗိုလ်ချုပ်အောင်ဆန်း မိန့်ကြားခဲ့ သလို “ပန်းတိုင်မရောက်မီ တက်ထောင်ခြင်းမျိုး”မပြုမိကြရန် အထူးအရေး ကြီးသည်။
ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး
ဤစကားလုံးမှာ  နိုင်ငံရေးနှင့်  သံတမန်ရေးသဘော  စကားလုံးမျှသာ မဟုတ်ပါ။ ကျွန်ုပ်တို့၏ လက်ရှိနေ့စဉ်ဘဝထဲသို့ ဝင်ရောက်လာနေပါပြီ။ ကိုဗစ် ရောဂါသည် ၂၀၁၉ နှစ်ကုန်ပိုင်းက အစပြု ပေါ်ပေါက်လာသည့် "နောက်ဆုံးပေါ် ကူးစက်ရောဂါ"ဖြစ်၍ အောင်မြင်ထိရောက်သောကုထုံး၊ အလုံးစုံ ပြည့်ဝစွာ ကာကွယ်ပေးနိုင်သည့် ကာကွယ်ဆေး ရရှိရန် ကြိုးစားအားထုတ်နေရဆဲကာလ ဖြစ်သည်။ ကုထုံးကောင်း၊ ကာကွယ်ဆေးကောင်း ရရှိခဲ့လျှင်သော်မှ လုံးဝအမြစ် ပြတ်အောင်  ကုသရန်  မလွယ်ကူပါ။  ယခုနှစ်သာမက  နောင်နှစ်များမှာပါ ဆက်လက် တွေ့ကြုံရင်ဆိုင်နေရမည့် ရောဂါဆိုးဖြစ်သည်။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လူတို့နှင့် အတူယှဉ်တွဲနေထိုင်မည့်ရောဂါမျိုး ဖြစ်ပါသည်။ သို့ဖြစ်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ဆောင်ရန် နှင့် ရှောင်ရန်အချက်များကို  တိတိကျကျလိုက်နာဆောင်ရွက်ခြင်းဖြင့် ကျွန်ုပ်တို့ လူသားများနှင့် ကိုဗစ်ရောဂါပိုးတို့ အချိန်ကာလတစ်ခုအထိ ငြိမ်းချမ်း စွာ အတူယှဉ်တွဲနေထိုင်ရန်၊ ထိုမှတစ်ဆင့် ကာကွယ်ထိန်းချုပ်ရန်၊ ထိုမှတစ်ဆင့် အမြစ်ပြတ်အောင် ကုသတိုက်ဖျက်နိုင်ရန် ဆောင်ရွက်သွားရမည် ဖြစ်သည်။
PPP နှင့် ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှု အခန်းကဏ္ဍ
အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု(Public Private Part-nership-PPP)သည် နိုင်ငံတော်၏ ဦးတည်လုပ်ငန်းစဉ်များအတွက် အရေးပါ သော နည်းဗျူဟာတစ်ရပ်ဖြစ်သည်။ ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် ပုဂ္ဂလိကကဏ္ဍအနေဖြင့်လည်း တစ်တပ်တစ်အား ပါဝင်လျက် ရှိသည်။ မြန်မာနိုင်ငံဆရာဝန်အသင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြန်မာ နိုင်ငံ သူနာပြုအသင်း၊ မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း စသည့် NGO များ၊ ပုဂ္ဂလိက ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့အစည်းများ၊ လူမှုကူညီရေးအသင်း များနှင့် စေတနာ့ဝန်ထမ်းအသင်းအဖွဲ့များ၏ တက်ကြွစွာ ပါဝင်ဆောင်ရွက်မှု သည် အဓိက Focal Point ဖြစ်သောကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ‘အရန်အင်အားစုများ’အဖြစ် ကိုယ်စားပြု ထင်ဟပ်လျက်ရှိသည်။ 
ကမ္ဘောဇဘဏ်အုပ်စု၊  ဧရာဝတီဖောင်ဒေးရှင်း၊ We love Myanmar  နှင့် Sky Net စသည့် အဖွဲ့အစည်းပေါင်းစုံ၏ ပေါင်းစုအင်အားမှာလည်း အံ့မခန်းဖြစ် သည်။ ပုဂ္ဂလိကကဏ္ဍအနေဖြင့် လှူဒါန်းမှုများသာမက ဝန်ဆောင်မှု(Services)ကိုပါ   တစ်တပ်တစ်အား   ကူညီလျက်ရှိသည်။  ပုဂ္ဂလိကကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍ၏ လှူဒါန်းမှုများအပြင် ပုဂ္ဂလိကအရင်းအမြစ်(Man, Material, Money-3M)များပါ စီးဝင်ဆောင်ရွက်နိုင်ရန်   လမ်းဖွင့်ပေးသင့်သည်။ ဗဟိုချုပ်ကိုင်မှုကို    အစိုးရအဖွဲ့အစည်းက ကိုင်စွဲထားပြီး  ပုဂ္ဂလိက ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများ   ပါဝင်ဆောင်ရွက်နိုင်စေရန်  တစ်စိတ်တစ်ပိုင်း ဖြေလျှော့ပေးသည့် နည်းဗျူဟာကို ကျင့်သုံးရန် စဉ်းစားသင့်သည်။
ရောဂါရှာဖွေရေး ဓာတ်ခွဲစစ်ဆေးခြင်းလုပ်ငန်းကို ISO အသိအမှတ်ပြု အဆင့်မီသည့် ပုဂ္ဂလိကဆေးရုံများ၊ ဓာတ်ခွဲခန်းများက စည်းမျဉ်းစည်းကမ်းနှင့် အညီ အနည်းဆုံးအကျိုးအမြတ်သာ ရယူစေပြီး ပါဝင်ဆောင်ရွက်ခွင့်ပြုခြင်း ဖြင့် ပုဂ္ဂလိကကဏ္ဍ လုပ်ငန်းလည်ပတ်မှုနှင့် ပုဂ္ဂလိကအရင်းအမြစ်များ စီးဝင်မှု အပြင် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသမှု လုပ်ငန်းများ အောင်မြင်ရေးအတွက် အရှိန်အဟုန် တိုးမြင့်လာနိုင်သည်။
ကာကွယ်ဆေးအတွက် ပြင်ဆင်ကြပါစို့
အရေးပါသော ဦးတည်ချက်တစ်ရပ်ဖြစ်သည့် ကိုဗစ်ရောဂါကာကွယ်ဆေး (Vaccine)ရရှိရေး၊ အရည်အသွေး အာမခံသည့် ကာကွယ်ဆေးကို အရေးကြီး ဦးတည်အုပ်စုများနှင့် လိုအပ်ချက်ရှိသော ပြည်သူများသို့ တစ်ဆင့်ပြီးတစ်ဆင့် ထိုးနှံပေးနိုင်ရေးတို့ကို နိုင်ငံတော်က အလေးထား စီစဉ်ဆောင်ရွက်လျက်ရှိသည်။ လူအုပ်စုလိုက်ကိုယ်ခံအားရှိမှု(Herd immunity)ကို ခန့်မှန်းသိရှိနိုင်ရန် အညွှန်း ကိန်းတစ်ခုဖြစ်သော  သွေးစစ်ဆေးခြင်းဖြင့် မျက်ခြည်မပြတ်စောင့်ကြည့်ခြင်း (Sero surveillance)ကို  တစ်စိတ်တစ်ပိုင်း စတင်ဆောင်ရွက်နေပြီဟု ယူဆ သော်လည်း   အရှိန်အဟုန်မြှင့် ဆောင်ရွက်သင့်ကြောင်း  တိုက်တွန်းလိုပါသည်။ 
အခြားနိုင်ငံကြီးများတွင် ထိရောက်အောင်မြင်စွာ အသုံးပြုပြီးဖြစ်သည့် Rapid antibody diagnostic test kit (IgM,IgG) ပဋိပစ္စည်း စစ်ဆေးမှုများကို အသုံးပြုစမ်းသပ်စစ်ဆေးခြင်းဖြင့်   RT-PCR  နည်းဖြင့်   စစ်ဆေးခြင်းထက် လွယ်ကူလျင်မြန် စရိတ်သက်သာစွာ စစ်ဆေးနိုင်ပြီး  လုပ်ငန်းများ အရှိန်အဟုန် မပျက် လည်ပတ်ရေးကို ထိရောက်စွာ အကျိုးပြုနိုင်မည်ဟု ယူဆပါသည်။
အချုပ်အားဖြင့်ဆိုလျှင် ကျွန်ုပ်တို့သည် ယခု ရာစုနှစ်အတွင်း အကြီးကျယ် ဆုံးသော ကမ္ဘာ့ရောဂါ ကပ်ဘေးကြီးကို မျက်ဝါးထင်ထင် ရင်ဆိုင်တွေ့ကြုံနေ ရပြီး ပြည်သူလူထု၏ ဒီမိုကရေစီရေချိန်၊ စည်းကမ်းသေဝပ်မှုနှင့် အမိန့်နာခံ လိုက်နာတတ်မှု  ရေချိန်တို့ကို     သိရှိတိုင်းတာခွင့်လည်း    ရရှိခဲ့ပြီး   ဖြစ်ပေ သည်။  တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ အပြန်အလှန်အပြစ်တင်ပြီး စိတ်ဝမ်း ကွဲပြားနေမည့်အစား  အပြုသဘောစိတ်ထားတတ်ပြီး အပြန်အလှန် ဖေးမ ကူညီကာ  ဖြောင့်မတ်မှန်ကန်သော ဦးဆောင်မှုအောက်  တစ်စုတစ်စည်းတည်း စည်းကမ်းတကျ စုပေါင်းကြိုးစားခြင်းဖြင့်   ကိုဗစ်- ၁၉   ကူးစက်မြန်ရောဂါ   ဘေးဆိုးကြီးကို    ကျော်လွှားအောင်မြင်နိုင်ပါစေကြောင်း    တိုက်တွန်း နှိုးဆော်အပ်ပါသည်။    ။

မြန်မာ့အလင်း