ကာရာဘောင်ဖလား စတုတ္ထအဆင့်ပြိုင်ပွဲ အာဆင်နယ်၊ ချယ်ဆီး၊ ဆန်းဒါးလန်းတို့ အနိုင်ရ

ကာရာဘောင်ဖလား စတုတ္ထအဆင့်ပွဲစဉ်အဖြစ် အာဆင်နယ်အသင်းနှင့် လိဒ်စ်အသင်းတို့ ပွဲစဉ်ကို အောက်တိုဘာ ၂၇ ရက် နံနက်ပိုင်းက အာဆင်နယ်အိမ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ အာဆင်နယ် အသင်းက နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိကာ ကာရာဘောင်ဖလား နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။ အာဆင်နယ်အသင်းအတွက် သွင်းဂိုးများကို  ချန်ဘာစ်နှင့် အင်မီတီယာတို့က သွင်းယူပေး ခဲ့သည်။

အာဆင်နယ်အသင်းသည် ပြီးခဲ့သည့် အက်စ်တွန်ဗီလာအသင်းကို အနိုင်ရရှိခဲ့သည့် ကစားသမား စာရင်းကို ကိုးဦးအထိ အပြောင်းအလဲပြုလုပ်ပြီး ပီပီ၊ အင်မီတီယာ၊ ရိုဝီ၊ မာတင်နယ်လီစသည့် ကစားသမားများဖြင့် ပွဲထွက်လာခဲ့သည်။ ပြိုင်ဘက်လိဒ်စ်အသင်းက ကစားသမားအနည်းငယ်သာ အပြောင်းအလဲပြုလုပ်ပြီး အာဆင်နယ်အသင်းကို ရင်ဆိုင်လာခဲ့သည်။

ယနေ့ပွဲစဉ်တွင် ကာရာဘောင်ဖလားပွဲစဉ် ဖြစ်သော်လည်း နှစ်သင်းစလုံး အားထားရသည့်  ကစားသမား အများစုဖြင့် ပွဲထွက်လာသည့်အတွက် ပွဲမှာအကြိတ်အနယ်ရှိခဲ့ပြီး ပရိသတ်အကြိုက် ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့သည်။ ထို့အပြင် တစ်ဖက်နှင့်တစ်ဖက် သိသိသာသာအသာရယူထားနိုင်ခြင်းမရှိဘဲ အပြန်အလှန် ထိုးဖောက်မှုများဖြင့် ပြိုင်ဆိုင်မှု မြိုင်ဆိုင်ခဲ့သည်။ လိဒ်စ်အသင်းဂိုးသမား မက်စ်လီယာသည် အာဆင်နယ်အသင်းမှ ကိုလာစီနက်စ်၊ အင်ဒီတီယာတို့၏ ဂိုးရရှိနိုင်သည့် ကန်သွင်းချက်များကို လက်စွမ်းပြကာကွယ်နိုင်ခဲ့သည်ကို တွေ့ရသည်။

သို့သော်လည်း ပွဲချိန် ၅၅ မိနစ်တွင် အာဆင်နယ်အသင်း အဖွင့်ဂိုးရရှိခဲ့ပြီး ပီပီ၏ ဖန်တီးမှုမှ ချန်ဘာစ်က သွင်းယူပေးခဲ့သည်။ ၎င်းသည် လူစားဝင်လာပြီးနောက် ၂၃ စက္ကန့်အကြာတွင် ဂိုးသွင်းယူ နိုင်ခြင်းလည်း ဖြစ်သည်။

ထို့နောက်တွင် ချေပဂိုးရရှိရေး ကြိုးစားလာခဲ့သော လိဒ်စ်အသင်း၏ ကစားဟန် ကောင်းမွန်လာခဲ့ပြီး အာဆင်နယ်အသင်းကို ဖိအားပေးကစားနိုင် ခဲ့သည်။ လိဒ်စ်အသင်း ကစားသမားများဖြစ်သည့်  ဂျိမ်းစ်၊ ရိုဒရီဂို၊ ဟာရစ်ဆင်တို့၏ကန်သွင်းချက်များကို အာဆင်နယ်ဂိုးသမား လီနို ကာကွယ်နိုင်ခဲ့သည့် အတွက် လိဒ်စ်အသင်း ချေပဂိုးနှင့် ဝေးကွာခဲ့ရခြင်း ဖြစ်သည်။

အာဆင်နယ်အသင်းအတွက် ဒုတိယဂိုးကို ပွဲချိန် ၆၉ မိနစ်တွင် အင်မီတီယာက သွင်းယူပေးခဲ့သည်။ ၎င်းသည် ယနေ့ပွဲစဉ်တွင် ဂိုးသွင်းယူနိုင်ခဲ့သောကြောင့် အာဆင်နယ်အသင်းအတွက် ကာရာဘောင် ဖလားပြိုင်ပွဲ ရှစ်ပွဲတွင် ခုနစ်ဂိုးအထိ ရှိလာပြီဖြစ်သည်။ ထို့နောက်တွင် လိဒ်စ်အသင်းအနေဖြင့် အာဆင်နယ်အသင်းဘက်သို့ ဂိုးကန်သွင်းမှုများ ပြုလုပ်လာနိုင်ခဲ့သော်လည်း ဂိုးအဖြစ်ပြောင်းလဲ နိုင်ခြင်းမရှိသောကြောင့် နှစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

အခြားသောပွဲစဉ်ရလဒ်များတွင် ချယ်ဆီးအသင်းက ပယ်နယ်တီအဆုံးအဖြတ်တွင် ပြိုင်ဘက် ဆောက် သမ်တန်အသင်းကို လေးဂိုး-သုံးဂိုးဖြင့် အနိုင်ရရှိပြီး နောက်တစ်ဆင့်တက်ရောက်နိုင်ခဲ့သလို ဆန်းဒါး လန်းအသင်းကလည်း ပြိုင်ဘက် ကျူပီအာရ်အသင်းကို ပယ်နယ်တီအဆုံးအဖြတ်တွင် သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိပြီး နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။

အောင်ဇော်