ကြာဝတ်ဆံထုတ်သူများ ပုံမှန်ဝင်ငွေရရှိနေ

ကျောက်ဆည် ၂၇ စက်တင်ဘာ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် စွန်ရဲကျေးရွာအနီးရှိ စွန်ရဲအင်းအတွင်းမှ ကြာပွင့်များကိုခူး၍ ကြာဝတ်ဆံထုတ်ယူရောင်းချသူ များပြားလျက်ရှိရာ ကြာဝတ်ဆံ ဈေးကောင်းသည့်အတွက် အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ကြာဝတ်ဆံထုတ်သူများမှာ နံနက်ပိုင်းတွင် လှေဖြင့် ကြာပွင့်ခူးကာ နေ့လယ်ပိုင်းတွင် မိသားစုလိုက် ကြာဝတ်ဆံထုတ်ယူကြရသည်။ ကြာဝတ်ဆံ အစိုများကို တစ်ပိဿာလျှင် ငွေကျပ် ၂၅၀၀ နှုန်းဖြင့် ဖောက်သည်ပေးကြရသည်။ တစ်ဆင့်ဝယ်ယူသည့် ကြာဝတ်ဆံပွဲစားများမှာ ကြာဝတ်ဆံကို အခြောက်လှန်းကာ ပြန်လည်ရောင်းချကြသည်။ လက်ရှိကာလ ကြာဝတ်ဆံ အခြောက်တစ်ပိဿာ ငွေကျပ် တစ်သောင်းကျော်ဖြင့် ရောင်းချကြသည်။ ကြာဝတ်ဆံများကို အမွှေးတိုင် ပြုလုပ်ရာတွင် အသုံးပြုကြောင်း သိရသည်။

စွန်ရဲအင်းအတွင်းမှ ကြာပွင့်များခူးကာ နေ့စဉ် ကြာဝတ်ဆံထုတ်ရာတွင် လူတစ်ဦး တစ်နေ့လုပ်အားခ ငွေကျပ် (၁၀၀၀၀) ကျော်အထိ ရရှိသည်။ အများစုမှာ မိသားစုလိုက် ပြုလုပ်သည့်အတွက် နေ့စဉ် ပုံမှန်ဝင်ငွေ ရရှိနေကြောင်း အင်းကုန်းကျေးရွာမှ ကြာဝတ်ဆံထုတ်သူ ကိုနိုင်လင်းထံမှ သိရသည်။

တိမ်တမန်