ကဘူးလ်မြို့ပေါက်ကွဲမှုကြောင့် အရပ်သား ငါးဦးထက်မနည်း သေဆုံး

ကဘူးလ် အောက်တိုဘာ ၄

 

အာဖဂန်နစ္စတန်နိုင်ငံမြို့တော် ကဘူးလ်တွင် အောက်တိုဘာ ၃ ရက် မွန်းလွဲပိုင်းက ပေါက်ကွဲ မှုဖြစ်ပွားခဲ့ရာ အရပ်သားငါးဦးထက်မနည်း သေဆုံးခဲ့ရသည်ဟု မီဒီယာများတွင် ဖော်ပြကြသည်။ ကဘူးလ်မြို့လယ်ရှိ ဘာသာရေး အဆောက်အအုံ ဝင်ပေါက်အနီးတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 

တာလီဘန်ပြောရေးဆိုခွင့်ရှိသူ ဇာဘိုင် ဟူလာ မာဂျာဟစ်၏ မိခင်ဖြစ်သူ သေဆုံးသွားသည့်အတွက် ဝတ်ပြုဆုတောင်းပွဲတစ်ခု ကျင်းပခြင်းဖြစ်သည်ဟု မီဒီယာများတွင် ဖော်ပြကြသည်။ အဆိုပါပွဲသို့ တာလီဘန်များနှင့် ဒေသခံများ စုဝေးတက်ရောက်ခဲ့ကြသည်ဟု သိရသည်။ ဩဂုတ်လ နှောင်းပိုင်းတွင် အမေရိကန်တပ်များ အာဖဂန်မြေပေါ်မှ ရုပ်သိမ်းသွားပြီးနောက် ပထမဆုံးအကြိမ်အဖြစ် မြို့တော်တွင် တိုက်ခိုက်မှုအကြီးစား ဖြစ်ပွားခဲ့ခြင်းပင်ဖြစ်သည်။

 

အဆိုပါ ပေါက်ကွဲမှုမှာ မည်သည့် အဖွဲ့အစည်း၏လက်ချက်ဖြစ်သည်ကိုမူ မသိရသေးချေ။ ပြည်ထဲရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု တာလီဘန်နှင့် ဆက်သွယ်မှုရှိသည့် သတင်းအရင်းအမြစ်တစ်ခုက အင်န်အိတ်ချ်ကေသို့ ပြောသည်။ အာဖဂန်နစ္စတန်တွင် တာလီဘန်များ အာဏာရလာပြီးနောက် အိုင်အက်စ်စစ်သွေးကြွများသည် တိုက်ခိုက်မှုများကို အရှိန်မြှင့်လာခဲ့သည်။

 

ဩဂုတ် ၂၆ ရက်ကလည်း ကဘူးလ်မြို့ လေဆိပ်အနီးတွင် အသေခံဗုံးခွဲမှုကြောင့် လူပေါင်း ၁၀၀ ကျော်ထက်မနည်း သေဆုံးခဲ့ရသည်။

 

အင်န်အိတ်ချ်ကေ