ကဆုန်လပြည့်(ဗုဒ္ဓနေ့)တွင် မန္တလေးမြို့လေးပြင်လေးရပ်ရှိ ဆရာတော် သံဃာတော် ၁၀၂၇၂ ပါးအား ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လောင်းလှူပွဲအခမ်းအနား ကျင်းပ


မန္တလေး၊ မေ ၂၂
ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သော ၁၃၈၆ ခုနှစ် ကဆုန်လပြည့် (ဗုဒ္ဓနေ့) ယနေ့တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အလှူရှင်များက ကြီးမှူး၍ မန္တလေးမြို့ လေးပြင်လေးရပ်မှ ဆရာတော် သံဃာတော် ၁၀၂၇၂ပါးအား ပင့်ဖိတ်၍ ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ လောင်းလှူပွဲအခမ်းအနားကို နံနက် ၆ နာရီက မန္တလေးမြို့ ကျုံးအရှေ့ဘက် (အရှေ့ပြင်)၊ အနောက်ဘက် (အနောက်ပြင်)၊ တောင်ဘက် (တောင်ပြင်) နှင့် မြောက်ဘက် (မြောက်ပြင်) တို့ရှိသတ်မှတ် မင်္ဂလာမဏ္ဍပ်များ၌ တစ်ချိန်တည်း တစ်ပြိုင်တည်း ကျင်းပသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးဆောင်၍ အလှူရှင်များက သာသနာတော်နှစ် ၂၅၆၇ နှစ်ပြည့်ပြီး ၂၅၆၈ နှစ်သို့ ကူးပြောင်းရောက်ရှိမှု အထိမ်းအမှတ်နှင့် နိုင်ငံသူ၊ နိုင်ငံသားများ ဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး ဆွမ်းလောင်းလှူပွဲ အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ၊ ဓမ္မိကာရာမတိုက်၊ မိတ္ထီလာကျောင်း ဆရာတော်၊ အဘိဓဇ မဟာရဋ္ဌဂရု၊ ဘဒ္ဒန္တသုဇနပီယ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ၊ တိုင်းဒေသကြီး/ မြို့နယ် သံဃနာယကအဖွဲ့ဆရာတော်ကြီးများ၊ မန္တလေးမြို့ လေးပြင်လေးရပ်ရှိ ပရိယတ္တိ စာသင်တိုက်ကြီးများမှ ဆရာတော်ကြီးများအမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်ဇနီး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်နှင့် ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များ၊ ဖိတ် ကြားထားသူများနှင့် ပြည်သူများ တက်ရောက်ကြည်ညိုကြသည်။
ဦးစွာ မန္တလေးမြို့ လေးပြင်လေးရပ်တို့မှ ကြွရောက်တော်မူလာကြသော ဆရာ တော်၊ သံဃာတော် ၁၀၂၇၂ ပါးတို့သည် ကျုံးလေးပြင်လေးရပ်ရှိ မင်္ဂလာမဏ္ဍပ်အသီးသီးတို့နှင့် ယာယီသီတင်းသုံးနေရာများတွင် သီတင်းသုံးတော်မူကြသည်။
ထို့နောက် မင်္ဂလာမဏ္ဍပ်အသီးသီး၌ နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ဆရာတော်ကြီးများထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူကြကာ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားသောပရိတ်တရားတော်များကို နာယူကြည်ညိုကြ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ ၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများက ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြပြီး ဆရာတော်ကြီးများထံမှ အနုမောဒနာ ရေစက်ချတရားနာယူကြသည်။ 
ယင်းနောက် မန္တလေးမြို့ လေးပြင်လေးရပ်ရှိ ဆရာတော်၊ သံဃာတော် ၁၀၂၇၂ ပါးတို့အား ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ လောင်းလှူပွဲကို တစ်ပြိုင်တည်းကျင်းပကြရာ သတ်မှတ်ထားသည့် ဥပါသကာအဖွဲ့များက အစီအစဉ်များအတိုင်း ဆရာတော်ကြီးများအား ပင့်ဆောင်ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ အလှူရှင်ပြည်သူများက ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများကို တစ်ပြိုင်တည်း လောင်းလှူခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်