ကျောက်ဆည်မြို့နယ် ဆုတောင်းပြည့် မဟာရွှေသိမ်တော်ဘုရားတွင် ဘုရားဖူးပြည်သူများ စည်ကားလျက်ရှိ

ကျောက်ဆည်၊ အောက်တိုဘာ ၉   

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ သင်တောင်းကျေးရွာအနီး ရန်ကုန်-မန္တလေး ကားလမ်းမကြီးဘေးတွင် တည်ရှိသော ဆုတောင်းပြည့် မဟာရွှေသိမ်တော်ဘုရားကြီးတွင် ၁၃၈၄ ခုနစ်၊ သီတင်းကျွတ်လပြည့်နေ့ (အောက်တိုဘာ ၉ ရက်) တွင် ဘုရားဖူးပြည်သူများ စည်ကားလျက်ရှိကြောင်း သိရှိရသည်။

ဆုတောင်းပြည့် မဟာရွှေသိမ်တော်ဘုရားကြီးသည် အနော်ရထာမင်းကြီး တည်ထားကိုးကွယ်ခဲ့ပြီး အရှင်အရဟံ သိမ်သမုတ်ခဲ့သော ဘုရားတစ်ဆူဖြစ်ကာ အုန်းပွဲ၊ ငှက်ပျောပွဲ၊ ပန်းနံ့သာများဖြင့် သစ္စာအဓိဌာန်ပြု ဆုတောင်းပါက တောင်းသည့်ဆုများပြည့်ဝသော ဘုရားကြီးအဖြစ် လူသိများထင်ရှားလျက်ရှိသည်။

မန္တလေးမြို့ မြရိပ်နန္ဒာရပ်ကွက်တွင် နေထိုင်ပြီး ပွဲရုံတစ်ရုံ၌ ကုန်တင်ကုန်ချလုပ်ကိုင်နေတဲ့ ကိုအောင်ဆန်းဦးက “ကျွန်တော်အခု ဒီ ဆုတောင်းပြည့် မဟာရွှေသိမ်တော်ဘုရားကြီးကို လာရောက်ဖူးမြော်တာ အခုအခါနဲ့ဆို (၂)ကြိမ်ရှိပါပြီ။ ဒီဘုရားကြီးက အုန်းပွဲ၊ ငှက်ပျောပွဲ၊ ပန်းနံ့သာတွေနဲ့ ပွဲထိုးပြီး လိုရာဆုတောင်းရင် ပြည့်တယ်လို့ ကြားသိရပါတယ်။ အရင်တစ်ခါ ပွဲထိုးဆုတောင်းတာ ပြည့်ဝလို့ အခုတစ်ခါ လာရောက်ဖူးမြော်ခြင်းဖြစ်ပါတယ်” ဟု ပြောသည်။

ဆုတောင်းပြည့် မဟာရွှေသိမ်ဘုရားကြီးတွင် ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညို နိုင်စေရေးအတွက် ဘုရားဂေါပကလူကြီးများက ကားရပ်နားကွင်းနှင့် ဆိုင်ကယ်ရပ်နားကွင်း ခွဲခြားသတ်မှတ်ကာ စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အဓိဌာန်ပြုရန်နေရာများ သီးသန့်သတ်မှတ်ပေးထားကာ စောင့်ကြည့်ကင်မရာများလည်း တပ်ဆင်ပေးထားကြောင်း သိရှိရသည်။
    
ကျောက်ဆည်(ပြန်/ဆက်)