ကျောက်ဆည်မြို့နယ် ကျေးရွာနှစ်ရွာတွင် သောက်သုံးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီး

ကျောက်ဆည်၊ ၂၀ ဒီဇင်ဘာ

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ကြက်သားဟင်းကျေးရွာအုပ်စု၊ ပျားကျေးရွာနှင့် တောင်နောက်ကျေးရွာအုပ်စု၊ သီးပင်ကျေးရွာနှစ်ရွာတွင် ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မူလခွင့်ပြုရန်ပုံငွေများဖြင့် သောက်သုံးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

 

ပျားကျေးရွာတွင် သောက်သုံးရေရရှိရေး လုပ်ငန်းများဖြစ်သည့် ဂါလန် ၂၀၀၀ ဆံ့ အုတ်ရေကန်တစ်ကန်၊ ဂါလန် ၁၀၀၀ ဆံ့ အုတ်ရေကန်တစ်ကန် တည်ဆောက်ခြင်း၊ အလျား ၅ ပေ အနံ ၅ ပေ အမြင့် ၇ ပေရှိ ရေစက်ရုံတစ်ခု တည်ဆောက်ခြင်း၊ အရှည် ၁၅၂၀ ပေရှိ ရေပိုက်လိုင်းသွယ်တန်းခြင်း၊ မီတာနှင့် လေမှုတ်စက်တပ်ဆင်ခြင်း လုပ်ငန်းများအား ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ် ၈ ဒသမ ၂၂ သန်းဖြင့်လည်းကောင်း၊ သီးပင်ကျေးရွာတွင် အိမ်တိုင်ရာရောက် ရေမီတာစနစ်ဖြင့် သောက်သုံးရေရရှိရေး ဆောင်ရွက်ရန်အတွက် ၃ လက်မ PVC ၅၃၀ ပေနှင့် ၂ လက်မ PVC ၂၅၅၀ ပေ သွယ်တန်းခြင်းလုပ်ငန်းများကို ခွင့်ပြုရန်ပုံငွေကျပ် ၄ ဒသမ ၇၅ သန်းဖြင့် ယခုနှစ် နိုဝင်ဘာလအတွင်းက စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါကျေးရွာနှစ်ရွာတွင် သောက်သုံးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကြောင့် အိမ်ခြေ ၂၀၆ မှ လူဦးရေ ၈၄၅ ဦးတို့ သောက်သုံးရေရရှိရေးအတွက် အကျိုးပြုမည်ဖြစ်ကြောင်း ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ထိုက်ထိုက်စိုးထံမှ သိရသည်။

 

အဆိုပါ သောက်သုံးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို ကျောက်ဆည်မြို့နယ် တည်ဆောက်ရေးကော်မတီအဖွဲ့ဝင်များဖြစ်သည့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့မှ ဦးစီးအရာရှိ(နည်းပညာ) ဦးသိန်းနိုင်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ထိုက်ထိုက်စိုးနှင့် တာဝန်ရှိသူများမှ ကျေးရွာသောက်သုံးရေရရှိရေး ကော်မတီဝင်များနှင့်အတူ ကျေးရွာနှစ်ရွာတွင် ဆောင်ရွက်ထားရှိသည့် သောက်သုံးရေရရှိရေးလုပ်ငန်းများ အရည်အသွေးပြည့်မီမှုရှိ မရှိ အား ဒီဇင်ဘာ ၂၀ ရက် နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ငြိမ်းသူ