ကျောက်ဆည်မြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်း

ကျောက်ဆည်၊  ၁၈   ဒီဇင်ဘာ

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ သင်တောင်းကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၄၆)၊ ဦးပိုင်အမှတ်(၉၂/၁) တောင်သူ ဦးအီစမန်၏ စိုက်ဧက ၁ ဒသမ ၆၁ ဧကတွင် ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်းက ဧရာမင်း မိုးစပါးစံကွက် ရိတ်သိမ်းခဲ့ရာ တစ်ဧကအထွက်နှုန်း ၈၃ ဒသမ ၉၈ တင်း ထွက်ရှိကြောင်း သိရှိရသည်။

 

စံကွက်ရိတ်သိမ်းရာတွင် ဝ ဒသမ ဝ၀၁ ဧကအကျယ်ရှိ ကိုယ်စားပြုစံကွက်သုံးကွက် သတ်မှတ် ရိတ်သိမ်းခဲ့ပြီး ပထမစံကွက်တွင် ကောက်ပင် ၉၆ ပင် ထွက်ရှိစပါး နို့ဆီဘူး ၁၁ ဘူး၊ ဒုတိယစံကွက်တွင် ကောက်ပင် ရ၅ ပင် ထွက်ရှိစပါး နို့ဆီဘူး ၁၀ ဘူး၊ တတိယစံကွက်တွင် ကောက်ပင် ၈၁ ပင် ထွက်ရှိစပါး နို့ဆီဘူး ၁၁ ဒသမ ၅ ဘူး စုစုပေါင်း ပျမ်းမျှ ကောက်ပင် ၈၄ ပင်မှ ပျမ်းမျှစပါး နို့ဆီဘူး ၁၀ ဒသမ ၇၅ ဘူး ထွက်ရှိကြောင်း၊ ကောက်ပင် ပင်ပွားနှုန်းစံ ရေတွက်ရာမှာ ကောက်မြုံတစ်မြုံတွင် အပင်ရေ ၈၄ ပင် ရှိကြောင်းလည်း သိရှိရသည်။

 

အဆိုပါ စံကွက်ရိတ်သိမ်းခြင်းကို မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးဦးစီဌာနမှ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မြို့နယ် ဦးစီးအရာရှိ ဦးသန့်ဇင်မောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးအရာရှိ ဦးရဲမင်းသောင်း၊ မြို့နယ်စက်မှုလယ်ယာ ဦးစီးအရာရှိ ဦးကျော်ဟိန်း၊ မြို့နယ်ရေအသုံးချမှုနှင့်စီမံခန့်ခွဲရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြပြီး ကျောက်ဆည်မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ခုနှစ် မိုးစပါး စိုက်ဧက ၅၂၈၁၆ ဧက စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

သက်မောင် (ကျောက်ဆည်)